VOM အယ်ဒီတာချုပ်နဲ့ သတင်းထောက်ကို တပ်ကိုအကြည်ညိုပျက်မှုနဲ့ ရမန်ယူ

2021.05.12
VOM အယ်ဒီတာချုပ်နဲ့ သတင်းထောက်ကို တပ်ကိုအကြည်ညိုပျက်မှုနဲ့ ရမန်ယူ Voice of Myanmar သတင်းဌာန တည်ထောင်သူ ကိုနေမျိုးလင်း ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ရဲက ၂၀၂၀ မတ် ၃၁ ရက်နေ့က ဖမ်းဆီးခဲ့စဉ်
Photo: RFA

မန္တလေးမြို့အခြေစိုက် VOM ( Voice Of Myanmar) သတင်းဌာနက အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်တို့ကို တပ်မတော်ကို အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ရမန်ယူခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရုံးထုတ်တယ်ဆိုတာ သိတာနောက်ကျခဲ့တဲ့အတွက် သွားရောက်တွေ့ဆုံခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ကိုနေမျိုးလင်းရဲ့ဇနီးဖြစ်သူက သူရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

နောက်တစ်ပတ်ရုံးချိန်းကိုတော့ လာမယ့် မေလ ၂၄ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က စစ်ကောင်စီက ဆွေးနွေးစရာရှိလို့ လာခဲ့ဖို့ခေါ်ရာမှာ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက်တို့ဟာ မန္တလေး နန်းတွင်းကို သွားရောက်ခဲ့ပြီးနောက် အခုလို အမှုဖွင့်ခံလိုက်ရတာဖြစ်ပါတယ်။

ကိုနေမျိုးလင်း ဖမ်းဆီးခံရပြီးနောက် တစ်ပတ်ခန့်အကြာမှာ VOM သတင်းဌာနက ယာယီရပ်ဆိုင်း လိုက်တယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ကိုနေမျိုးလင်းဟာ ယခင်က BBC မြန်မာပိုင်း သတင်းဌာနက သတင်းထောက်ဟောင်း တစ်ယောက် ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။