မြန်မာကိုကူညီဖို့ သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်ကို တိုက်တွန်း


2013.12.05
utheinsein-philipine-305.jpg ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကို ဒီဇင်ဘာလ ၄ ရက်နေ့ က ရောက်ရှိလာသော သမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်
photo: President Office Website

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အထောက်အကူဖြစ်စေမယ့် အကူညီတွေကိုပေးဖို့ ဖိလစ်ပိုင်သမ္မတ ဘင်နင်နို အကွီနိုက ပြောကြားလိုက် ပါတယ်။  ဒီကနေ့ ဖိလစ်ပိုင် သမ္မတနန်းတော် မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့အတူကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာအကွီနိုက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ဖိလစ်ပိုင်နိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံ အချင်းချင်း အပြန်အလှန်လေ့လာဖို့နဲ့ ကဏ္ဍရပ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားဖို့အတွက် လိုလားမှု ကိုဖော်ပြနေကြောင်း၊  ဖိလစ်ပိုင်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပိုမိုခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်သွားလိုကြောင်း ဖိလစ်ပိုင်သမ္မတက ပြောသွားခဲ့တာပါ။

သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၂၀ ကျော် စီးပွားရေးပိတ်ဆို့ခံရမှုကြောင့် အာဆီယံနိုင်ငံတွေထဲမှာ ဖွွံဖြိုးမှုနောက်ကျနေ ရကြောင်း၊ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးမှုအကူအညီတွေပေးဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။

“အာဆီယံနိုင်ငံတွေထဲမှာ ကျနော်တို့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအဘက်ဘက်ကနေ နောက်ကျနေ တဲ့နိုင်ငံဖြစ်ပါတယ်၊ အဓိကအကြောင်းရင်းကတော့ နှစ်ပေါင်း ၂ဝ ကျော်လောက် စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံထားခဲ့ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်၊ ဒါကြောင့်မို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လူ့စွမ်းအားမြှင့်တင်ရေးကိစ္စတွေမှာ ကျနော်တို့နဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့ သမ္မတကြီးကိုလည်း ကျနော့်အနေနဲ့ မေတ္တာရပ်ခံခဲ့ပါတယ်”

ဒါ့ပြင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် နာဂစ်လေမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ အတွေ့အကြုံကြောင့် လက်ရှိ ဖိလစ်ပိုင်ပြည်သူတွေ ခံစားနေရတဲ့ လေမုန်တိုင်းဘေးအတွက် စာနာထောက်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံက လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို ဝေဖန်ရှုံ့ချလေ့ရှိတဲ့ ဖိလစ်ပိုင်သမ္မတ မစ္စတာအကွီနိုဟာ လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးကနေ မြန်မာ့သမိုင်းမျက်နှာစာသစ် ဖွင့်လှစ်ခဲ့ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လူ့စွမ်းရည်မြင့်တင်ရေးနဲ့ နည်းပညာပိုင်းတွေမှာ အကူညီပေးဖို့၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ငါးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေမှာလည်း ကူညီဖို့ကမ်းလှမ်းထားကြောင်းလည်း ဖိလစ်ပိုင်သမ္မတက ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး ၂ ရက်ကြာ နေထိုင်မှာဖြစ်ပါတယ်။ ဒီကနေ့မှာ နှစ်နိုင်ငံသဘောတူ စာချုပ်တွေလက်မှတ်ရေးခဲ့ရာမှာ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံသားတွေအကြား သီတင်း၂ ပတ်ကြာ ဗီဇာကင်းလွတ်ခွင့် သဘောတူစာချူပ်လည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။