အသံချဲ့စက်မသုံးဖို့ ဆန္ဒပြသူအချင်းချင်း သတိပေးနေ

နေရိန်ကျော်(ဝါရှင်တန်ဒီစီ)
2021.02.14

အာဏာသိမ်းထားတဲ့ စစ်ကောင်စီအစိုးရကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြတာတွေမှာ အသံချဲ့စက်တွေသုံးပြီး လှည့်လည်နေတာတွေကို သတိထားကြဖို့ အချင်းချင်း သတိပေးတာတွေ ရှိနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကနေ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ NLD အစိုးရထံကနေ တပ်မတော်က အာဏာ သိမ်းပြီးနောက် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲတွေဟာ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးက မြို့နယ်တော်တော်များများမှာ ရှိနေပါတယ်။

ဒီရက်ပိုင်းမှာဆိုရင် အသံချဲ့စက်တွေသုံးပြီး အထိုင်ဆန္ဒပြတာ၊ ကားနဲ့ လှည့်လည်ဆန္ဒပြတာတွေရှိလာပါတယ်။ တချို့ဆို သီချင်းတီးလုံးအလိုက် ကခုန်နေတာတွေလည်း တွေ့မြင့်လာရပါတယ်။

အခုချိန်ဟာ ပြည်သူနဲ့ စစ်ကောင်စီကြား ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်နေတာကြောင့် ပျော်ပွဲလို သဘော မဖြစ်စေချင်ဘူးလို့ ဖေဖော်ဝါရီ ၁၃ ရက်က တရုတ်သံရုံးရှေ့မှာ ထိုင်သပိတ်ဆန္ဒပြနေသူ တစ်ယောက်က ပြောပါတယ်။

စစ်အာဏာသိမ်းတာကို ကန့်ကွက်ပြီး NLD အစိုးရနဲ့ ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးဖို့ မြန်မာနိုင်ငံအနှံ့မှာ ဆန္ဒပြတောင်းဆိုနေကြတာပါ။ ရန်ကုန်မှာဆိုရင် ရန်ကုန်မြို့တော်ခန်းမ၊ မြေနီကုန်းနဲ့ လှည်းတန်းလိုနေရာ တွေ၊ နေပြည်တော်နဲ့ မန္တလေးစတဲ့ မြို့ကြီးတွေမှာ ဆန္ဒပြသူလူဦးရေ သိန်းနဲ့ချီပြီးရှိနေပါတယ်။

အစိုးရဝန်ထမ်းတချို့ကလည်း အလုပ်မသွားဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ဆန္ဒပြနေသူတွေ လည်း အတော်များများရှိနေပါတယ်။

လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ရေဖြန်းကားတွေနဲ့ပက်ပြီး ဖြိုခွင်းတာရှိသလို နေပြည်တော်မှာ ဖေဖော်ဝါရီ ၉ ရက်က ရဲအရာရှိတစ်ယောက်က သေနတ်နဲ့ ပစ်လိုက်လို့ အသက် ၁၉ နှစ် အရွယ် မမြသွဲ့သွဲ့ခိုင် သေဆုံးခဲ့ပါတယ်။ မနေ့က မော်လမြိုင်မှာဆိုရင် ရေကားနဲ့ ပက်သလို ရာဘာကြည် တွေနဲ့ ပစ်ခတ်တာကြောင့် ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ဒီလိုအခြေအနေတွေမှာ ကားတွေနဲ့လှည့်ပြီး အသံချဲ့စက်တွေနဲ့ အပျော်သဘောလိုဖြစ်လာတာဟာ စစ် ကောင်စီကို ဆန့်ကျင်တဲ့ရည်ရွယ်ချက်ကိုမရောက်ဘဲ လမ်းလွဲသွားမှာကို စိုးရိမ်တာကြောင့် အဲလိုလုပ်တဲ့ သူတွေကို အပြစ်မြင်တာမဟုတ်ဘဲ တွဲခေါ်ပေးဖို့လိုတယ်လို့ တရုတ်သံရုံးရှေ့မှာ အိပ်ပြီး ဆန္ဒပြတဲ့သူက ပြောပါတယ်။

ရန်ကုန်လို ဆိုင်ကယ်စီးခွင့် မပေးထားတဲ့မြို့နယ်တွေမှာ ဆိုင်ကယ်တွေစီးလာတာ၊ ကားအမိုးပေါ်တွေမှာ တက်ပြီး စီးနေကြတာတွေလည်း တွေ့လာရပါတယ်။ ဆန္ဒပြတဲ့နေရာမှာ စည်းကမ်းတကျနဲ့ အန္တရာယ် ကင်းကင်းဖြစ်စေချင်ကြတာပါ။

ဆန္ဒပြကြတဲ့သူတွေဟာ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် လူစည်ကားတဲ့နေရာတွေမှာ မတ်တပ်ရပ် ဆန္ဒပြတာ၊ လမ်းမကြီးတွေမှာ လမ်းလျှောက်ဆန္ဒပြတာတွေ၊ လူစည်ကားတဲ့နေရာတွေမှာ စုပေါင်းပြီး ကြွေးကြော်ဆန္ဒပြတာတွေ၊ နိုင်ငံတကာသံရုံးတွေရှေ့မှာ ဆန္ဒပြတာတွေ ရှိကြပါတယ်။

အများစုက လက်ကိုင်အသံချဲ့စက်တွေကိုသုံးပြီး ကြွေးကြော်သံတွေကို စစ်ကောင်စီသိအောင် ဟစ်ကြွေး ကြတာပါ။ အဲဒီလိုအနေအထားမှာ အသံချဲ့စက်တွေသုံးတာတွေဟာ ဆန္ဒပြသူတွေရဲ့ ဟစ်ကြွေးသံတွေကို အနှောင့်ယှက်ဖြစ်နေတဲ့အပြင် သံရုံးတွေကလည်း အထင်လွဲမှားတာတွေ ဖြစ်လာမှာကို စိတ်ပူကြတာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေး ခံထားရတဲ့ ဦးစည်သူမောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဆန္ဒပြစစ်ကြောင်းတွေမှာ အသံချဲ့စက် ကြီးတွေနဲ့ သီချင်းတွေ ကျယ်ကျယ်လောင်လောင်ဖွင့်တာထက် ကြွေးကြော်သံတွေနဲ့သာ ဆန္ဒပြစေချင်တယ်လို့ ရေးသားထားပါတယ်။

အင်တာနက်လူမှုကွန်ရက်တွေမှာလည်း အသံချဲ့စက်တွေ မသုံးကြဖို့၊ ပြည်သူတွေရဲ့ အသံအစစ်အမှန်နဲ့သာ ဟစ်ကြွေးကြဖို့၊ ကားဟွန်းသံရှည်ကြီးတွေ မတီးကြဖို့၊ ဆဲဆိုတာတွေ မလုပ်ကြဖို့၊ အချင်းချင်းထိန်းကြောင်းပြီး ရေးသားပြောဆိုတာတွေလည်း တွေ့ရပါတယ်။

ဒီနေ့မှာတော့ အသံချဲ့စက်သုံးပြီး ဆန္ဒပြတာ တချို့ဆက်ရှိနေပေမယ့် အရင်နေ့တွေကထက် လျော့နည်းသွား တာ တွေ့ရတယ်လို့ ဆန္ဒပြနေသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။