မြန်မာအရပ်ဘက်အဖွဲ့တွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဇူလိုင်လ ၈ရက် မနေ့က ကျင်းပတဲ့ အွန်လိုင်းအစည်းအဝေးတစ်ခုမှာ မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး တည်ဆောက်နိုင်ဖို့အတွက် မြန်မာပြည်သူတွေနဲ့အတူ လက်တွဲပြီး အလုပ်လုပ်ဖို့ သန္နိဌာန်ချထားကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရဖို့အတွက် ကြိုးပမ်းအားထုတ်နေသူတွေနဲ့ တသားတည်းရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နောက်ကြောင်းပြန်သွားစေတဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့အတွက်လည်း အားပေးထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။