ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်ရေး ကြိုးပမ်းတဲ့ မြန်မာပြည်သူကို အမေရိကန် ထောက်ခံ
2021.08.24

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေတဲ့ မြန်မာလူထုကို အမေရိကန်က အခိုင်အမာ ထောက်ခံနေပါတယ်လို့ အမေရိကန် ဒု-သမ္မတ Kamala Harris က မနေ့က ပြောကြားလိုက်ပါတယ်။
အရှေ့တောင်အာရှ ခရီးစဉ်အတွင်း စင်ကာပူမှာပြောကြားတဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မိန့်ခွန်းမှာ အဲဒီလို ထည့်ပြောကြားသွားတာပါ။ စစ်တပ်က အာဏာသိမ်းတာကို အမေရိကန်ပြည်ထောင်စုက အလွန်အမင်း စိုးရိမ်နေပါတယ်လို့လည်း ပြောပါတယ်။
အကြမ်းဖက်ဖိနှိပ်မှုတွေကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်း၊ နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရေးအတွက် လုပ်ဆောင်နေကြတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုကို ထောက်ခံအားပေးဖို့ ကတိကဝတ် ပြုထားတဲ့အကြောင်း၊ ဒီလိုကြိုးပမ်းအားထုတ်ရာမှာ အင်ဒို-ပစိဖိတ် ဒေသတလွှားက နိုင်ငံတွေကပါ အတူ လက်တွဲဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့အကြောင်း ထည့်သွင်းပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက မဖြစ်မနေကူညီဖို့ လိုအပ်တယ်ဆိုတာကို စင်ကာပူဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တယ်လို့လည်း အမေရိကန် ဒု-သမ္မတ Harris က ပြောပါတယ်။