အမေရိကန်အမတ်တွေက မြန်မာ့ တပ်မတော်ဆိုင်ရာ ဥပဒေ တင်သွင်း


2013.12.20
army-day-305.jpg နေပြည်တော်မှာကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြချီတက်လာတဲ့ သံချပ်ကာကားတွေ ကို တွေ့ရစဉ်
Photo: RFA

မြန်မာအစိုးရအနေနဲ့ ဖဲ့ွစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြုပြင်ရေးနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပပျောက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိဘူးဆိုရင် မြန်မာ့တပ်မတော်ကို အမေရိကန်တပ်မတော်က စစ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပေးအပ်ခြင်းမပြုဖို့ ဥပဒေတစ်ရပ်ပြဌာန်းရေးအတွက် အမေရိကန် အထက်လွှွတ်တော် အမတ်တွေက မနေ့က အဆိုပြုလိုက်ပါတယ်။

၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေလို့ အမည်ပေးထားတဲ့ အဲဒီဥပဒေကိုပြဌာန်းဖို့ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလီကင်ပါတီနှစ်ရပ်ပေါင်းက  အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့  Bob Menendez, Marco Rubio, Ben Cardin နဲ့ Bob Corker တို့က အဆိုပြုတင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဥပဒေမူကြမ်းမှာ မြန်မာအစိုးရအနေနဲ့ စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက်ထားရှိရေး၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပပျောက်ရေး၊ မြောက်ကိုးရီးယားအစိုးရနဲ့ စစ်ရေးဆက်ဆံမှု အဆုံးသတ်ရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေးအတိုက်အခံတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေစတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဝင်လုပ်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာ ချမှတ်လုပ်ဆောင်မှသာလျှင် မြန်မာ့တပ်မတော်ကို အကူအညီပေးရမယ်လို့ ပြဌာန်းထားပါတယ်။

ဒါပေမယ့် အထက်လွှတ်တော်ကို တင်သွင်းခဲ့တဲ့ အဲဒီဥပဒေမူကြမ်းမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေးနဲ့ အရေးပေါ်သဘာဝဘေးအန္တရယ် ကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်ပေးခြင်းနဲ့ အကြံဉာဏ်ပေးအပ်ခြင်းတွေကိုတော့ ချွင်းချက်အဖြစ်ခွင့်ပြုကြောင်း ဖေါ်ပြထားပါတယ်။

အခုလို ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်အမတ်တွေက အဆိုပြုတင်သွင်းလိုက်တဲ့အတွက် ကြိုဆိုကြောင်း ဝါရှင်တန်ဒီစီ အခြေစိုက် USCB ခေါ် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က  ဒီဇင်ဘာ ၂ဝ ရက်နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာကိုလည်း RFA ကရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။