အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် မြန်မာနိုင်ငံကို လာမည်
အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် (Bill Richardson) ဟာ ကျန်းမာရေးကိစ္စတွေအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးကိစ္စတွေ ဆွေးနွေးဖို့ မြန်မာနိုင်ငံကို လာရောက်မယ်လို့ AP သတင်းမှာ ဒီကနေ့ဖေါ်ပြထားပါတယ်။
ဒီကိစ္စအသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးတဲ့အခါ မစ္စတာ ဘီလ်ရစ်ချတ်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ် မှန်ကန်ကြောင်း အတည်ပြုပါတယ်။
“ကုလသမဂ္ဂ အမေရိကန်သံအမတ်ကြီးဟောင်း၊ နယူးမက္ကစီကို အုပ်ချုပ်ရေးမှူးဟောင်း သူက မြန်မာနိုင်ငံ ကို မကြာမီ လာဖို့ရှိပါတယ်။ သူက ၂၀၁၇ ရခိုင်ကော်မရှင်တုန်းကလည်း ပါခဲ့တဲ့လူတစ်ယောက်ဖြစ်ပါ တယ်။ သူလာမယ့်အကြောင်းအရာတွေကတော့ သူ့အနေနဲ့ လူသားချင်စာနာကူညီမှုပေါ့နော်၊ အကူအညီ ပေးရေးလုပ်ငန်းတွေ ကိုဗစ်-၁၉ ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ အထောက်အကူပြုမယ့်လုပ်ငန်းတွေ၊ ပြီးရင် ပြည်သူ့ကျန်းမာရေး အထောက်အကူပြုမယ့်လုပ်ငန်းတွေအတွက် လာရောက်ခြင်းဖြစ်ပါတယ်။ ဒီမှာတော့ အဲဒီနယ်ပယ်က လူတွေနဲ့ သက်ဆိုင်ရာလူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါလိမ့်မယ်ဗျ”
ဒီခရီးစဉ်မတိုင်ခင် မစ္စတာရစ်ချတ်ဆန်ရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း “မြန်မာနိုင်ငံမှာရှိတဲ့ ကျနော်တို့ရဲ့ အဆက်အသွယ်တွေအရ ကိုဗစ်ကာကွယ်ဆေး၊ ဆေးဝါးအထောက်အပံ့နဲ့ အခြားလူထုကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ ကူညီနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးသွားမယ်”လို့ ဖော်ပြထားပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ သူ့ရဲ့စင်တာဟာ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီရေးနဲ့ ပတ်သက်ရင် ရှည်လျားတဲ့ သမိုင်းအစဉ်အလာရှိတယ်လို့သာ မစ္စတာ ရစ်ချတ်ဆန်က ဖော်ပြထားပြီး၊ သူ့ခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတာကို အသေးစိတ်ဖော်ပြမထားသလို စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဖော်ပြ ထားခြင်းမရှိဘူးလို့ အေပီသတင်းမှာ ရေးထားပါတယ်။
ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းမှတ်ချက် ပေးတာ မရှိသေးပါဘူး။
ဘီလ်ရစ်ချတ်ဆန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Madeleine Mahony ကတော့ “မစ္စတာရစ်ချတ်ဆန်ရဲ့ မြန်မာပြည် ခရီးစဉ်အကြောင်းကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က သတိထား မိပါတယ်” လို့ အေပီ သတင်းဌာနကို ပြောပါတယ်။
ဒါပေမဲ့ မစ္စတာရစ်ချတ်ဆန်ရဲ့ ခရီးစဥ်အတွင်း မေလ ၂၄ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ Frontier Myanmar သတင်းဌာနက အမေရိကန်သတင်းသမား Danny Fenster ပြန်လွတ်ရေးကိစ္စကို ဆွေးနွေးမလား၊ မဆွေးနွေးဘူးလား ဆိုတာကိုတော့ Madeleine Mahony က အတိအကျပြောဆိုတာမျိုး မရှိဘူးလို့ အေပီသတင်းက ရေးပါတယ်။
မစ္စတာ ဘီလ်ရစ်ချတ်ဆန်ရဲ့ အခုမြန်မာပြည်ခရီးစဉ်မှာ အဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား Daniel Fenster ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနိုင်သလို၊ စစ်ကောင်စီဘက်ကလည်း အမေရိကန်နဲ့ ဆက်ဆံရေး လမ်းကြောင်းတစ်ခု ဖွင့်ချင်ရင် ပြန်လွှတ်ပေးတာမျိုး ဖြစ်လာနိုင်တယ်လို့ ရန်ကုန်မြို့က သတင်းစာဆရာ ဦးမြင့်ကျော်က သုံးသပ်ပါတယ်။
“ဘာလို့လဲဆိုတော့ ရိုက်တာက သတင်းထောက်နှစ်ယောက် အဖမ်းခံရတဲ့ကိစ္စတုန်းကလည်း သူလာတဲ့ အချိန်မှာ သူလာတာက တခြားကိစ္စ။ ဒါပေမဲ့ သတင်းထောက်နှစ်ယောက် လွှတ်ပေးဖို့ကိစ္စကို ပြောလို့ NLD အစိုးရနဲ့ ဆက်ဆံရေး အဖုအထစ်ဖြစ်ခဲ့တာတွေ ရှိသေးတယ်။ အခုလို အခြေအနေမျိုးမှာလည်း အမေရိကန် နိုင်ငံသား သတင်းထောက် လွတ်မြောက်ရေးကို ပြောမယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးပေါ့နော်”
မစ္စတာ ဘီလ်ရစ်ချတ်ဆန်ရဲ့ အခုတစ်ခေါက် မြန်မာပြည်ခရီးစဉ်ကို အမေရိကန်အစိုးရရဲ့ တရားမဝင် ခရီးစဉ် တစ်ခုအဖြစ် စဉ်းစားနိုင်ပြီး၊ စစ်ကောင်စီဘက်က သတင်းစကားနဲ့ သဘောထားတွေကိုလည်း အမေရိကန်ကို ပြန်သယ်သွားတာမျိုးရှိလာနိုင်တယ်လို့ ဦးမြင့်ကျော်က သုံးသပ်ပါတယ်။
အခု မြန်မာနိုင်ငံကိုလာရောက်မယ့် အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၊ ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟောင်း Dr. Surakiart Sathirathai ဦးဆောင်တဲ့ “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီ” ရဲ့ အကြံပေးအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။
အဲဒီတုန်းက နေပြည်တော်မှာရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို “ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ” ရဲ့ အကြံပေးအဖွဲ့ဝင်အဖြစ် မစ္စတာ ရစ်ချတ်ဆန်က လာရောက်တွေ့ဆုံစဉ်၊ အဖမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးကိစ္စ တင်ပြခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဟန့်တားတဲ့အခါ မစ္စတာဘီလ်ရစ်ချတ်ဆန်က စိတ်ဆိုးပြီး အကြံပေးအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

အဲဒီကာလက သူ့ရဲ့ထုတ်ပြန်ချက်တစ်ခုမှာ“မီဒီယာနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေအပေါ် အလေးမထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်ကို အံ့သြတုန်လှုပ်မိတယ်” လို့ မစ္စတာ ရစ်ချတ်ဆန်က ဖော်ပြခဲ့ဖူးပါတယ်။
ပြည်တွင်းအခြေစိုက် Frontier Myanmar သတင်းဌာန အယ်ဒီတာ Daniel Funster ဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က သူ့မိသားစုရှိရာ အမေရိကန်ပြည်ထောင်စုကိုအပြန် ရန်ကုန်လေဆိပ်မှာ အဖမ်းခံခဲ့ရပြီး အခုလက်ရှိ အင်းစိန်ထောင်မှာ အကျဥ်းချခံနေရပါတယ်။
အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် Bill Richardson ရဲ့ ဒီတစ်ခေါက် မြန်မာနိုင်ငံခရီးစဉ် အကြောင်း အသေးစိတ်သိနိုင်ဖို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး တာဝန်ရှိသူတွေဆီကို RFA က အီးမေးလ် ကတဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အခုချိန်ထိ အကြောင်းပြန်ကြားချက် မရသေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကောင်စီ ထိပ်တန်းအရာရှိတစ်ဦးကတော့ Frontier သတင်းဌာနက Danny Fenster အပါအဝင် စစ်အာဏာသိမ်းပြီးမှ အဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား စုစုပေါင်း လေးယောက်ရှိကြောင်းနဲ့ အဲဒီထဲမှာ နယ်စပ်ကနေ ဖမ်းမိသူ နှစ်ယောက်နဲ့ အခြားတစ်ယောက် ပါဝင်တယ်လို့ RFA ကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အမေရိကန် ပြည်ထောင်စုက စစ်ကောင်စီကို အကြမ်းဖက် လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့၊ မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဆောင်ပေးဖို့ ဖိအားပေးတိုက်တွန်းနေပါတယ်။