အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ တွေ့

2021.11.02
အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ တွေ့ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၁ နိုဝင်ဘာ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် (Bill Richardson) ဟာ နိုဝင်ဘာလ ၂ ရက် ဒီနေ့ နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ကျန်းမာရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေး‌ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

“ဒီနေ့ မနက်မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တာရှိပါတယ်၊ အဓိက ဆွေးနွေးခဲ့တာကတော့ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေ ရရှိနိုင်ရေး၊ ကုလသမဂ္ဂရယ် တချို့အနောက်နိုင်ငံတွေကနေ ရရှိနိုင်ရေး အတွက် ဆောင်ရွက်မယ့် အကြောင်းအရာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနဲ့ ပတ်သက်ပြီး ဆောင်ရွက်နိုင်မယ့်ကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့ပါတယ်” စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက် မနေ့ကတည်းက နေပြည်တော်ကိုရောက်နေတဲ့ မစ္စတာဘီလ်ရစ်ချတ်ဆန်ဟာ နိုင်ငံခြား ရေး ဝန်ကြီး ဦးဝဏ္ဍမောင်လွင်နဲ့ တွေ့ဆုံခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဆက်လက်တွေ့ဆုံဖို့ရှိတယ်လို့လည်း စစ်ကောင်စီဘက်က သိရ ပါတယ်။

မစ္စတာရစ်ချတ်ဆန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ Frontier Myanmar သတင်းဌာနက အမေရိကန်သတင်းသမား Danny Fenster ပြန်လွတ်ရေးကိစ္စကို တောင်းဆိုခဲ့သေးလားလို့ RFA က မေးတဲ့အခါ “အဲဒီကိစ္စ မပါဘူး” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်ရဲ့ မြန်မာပြည် ခရီးစဉ်ဟာ အဆင့်မြင့် အမေရိကန်အရာရှိဟောင်းတစ်ဦးရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး စစ်ကောင်စီရဲ့ သဘောထားတွေကို ဝါရှင်တန်ဆီ ပြန်သယ်သွားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဘီလ်ရစ်ချတ်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အကြောင်း အသေးစိတ်သိရဖို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး တာဝန်ရှိသူတွေထံ RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းထားပေမယ့် အခုချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

ဒီခရီးစဉ်မတိုင်ခင် မစ္စတာရစ်ချတ်ဆန်ရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း “မြန်မာနိုင်ငံမှာရှိတဲ့ ကျနော်တို့ရဲ့ အဆက်အသွယ်တွေအရ ကိုဗစ်ကာကွယ်ဆေး၊ ဆေးဝါးအထောက်အပံ့နဲ့ အခြားလူထုကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ ကူညီနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးသွားမယ်” လို့ ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ သူ့ရဲ့စင်တာဟာ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီရေးနဲ့ပတ်သက်ရင် ရှည်လျားတဲ့ သမိုင်းအစဉ်အလာရှိတယ်လို့သာ မစ္စတာရစ်ချတ်ဆန်က ဖော်ပြထားပြီး၊ သူ့ခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတာကို အသေးစိတ်ဖော်ပြမထားသလို စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာဖော်ပြ ထားခြင်း မရှိဘူးလို့ အေပီသတင်းမှာ ရေးထားပါတယ်။

ဘီလ်ရစ်ချတ်ဆန်ဟာ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟောင်း Dr. Surakiart Sathirathai ဦးဆောင်ကော်မတီ “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင် အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ” မှာ အကြံပေးအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

စစ်ကောင်စီအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့၊ မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းပြန် လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဆောင်ပေးဖို့ အမေရိ ကန်ပြည်ထောင်စုက ဖိအားပေးတိုက်တွန်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။