မင်းတပ် ဒေသခံ ၅၀၀၀ ခန့်အတွက် အကူအညီ ယနေ့စဖြန့်မယ်လို့ UNHCR ထုတ်ပြန်

2021.07.19
မင်းတပ် ဒေသခံ ၅၀၀၀ ခန့်အတွက် အကူအညီ ယနေ့စဖြန့်မယ်လို့ UNHCR ထုတ်ပြန် UNHCR ရဲ့ အကူအညီပေးရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းကို ၂၀၂၁ ဇူလိုင် ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: UNHCR

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာရှိတဲ့ အိမ်ထောင်စု ၁၀၀၀၊ လူဦးရေ ၅၀၀၀ ခန့်ကို ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့ ကစလို့ ကိုဗစ်ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ်ပစ္စည်း ကိရိယာတွေအပါအဝင် တာပေါ် လင်စ၊ ခြင်ထောင်၊ စောင်၊ မီးဖိုးချောင်သုံးပစ္စည်းနဲ့ နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းတွေကို ကူညီထောက်ပံ့ သွားမယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က မနေ့က ထုတ်ပြန်ပါတယ်။

UNHCR ရဲ့ အကူအညီပေးရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းဟာ မနေ့ ဇူလိုင်လ ၁၉ ရက်နေ့က မင်းတပ်မြို့ကို ရောက်ရှိသွားပြီးနောက် ဒီနေ့ကစလို့ ရက်သတ္တပတ်လုံး အကူအညီတွေ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

အခုလိုထောက်ပံ့မှုကို UNHCR ဝန်ထမ်းတွေနဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် အကူအညီလိုအပ်နေတဲ့ တစ်ဦးချင်းစီနဲ့ ရပ်ရွာလူထုကို လွှဲပြောင်းပေးအပ်မှာဖြစ်ပြီး လိုအပ်ချက်တွေနဲ့စိုးရိမ်မှု တွေကို ပိုမိုသိနိုင်ဖို့အတွက် ရပ်ရွာလူထုတွေ၊ ဘာသာရေးအုပ်စုတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားမယ် လို့လည်း UNHCR ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကစတင်ခဲ့တဲ့ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့(CDF)နဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲတွေကြောင့် လူပေါင်း တစ်သောင်းခွဲကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ခွာ ထွက်ပြေးခဲ့ ကြရတယ်လို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က နိုင်ငံအာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်း လူပေါင်း ၂၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အဲဒီအထဲက အများစုဟာ သူတို့ရဲ့ နေရပ်တွေ ဆီကို ပြန်ဖို့မဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂက မကြာသေးခင်က ပြောဆိုထားပါတယ်။

ဒါကြောင့် ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေအနေနဲ့ နိုင်ငံတစ်ဝန်းက ပြည်သူသုံးသန်းခန့်ဆီကို အထောက်အပံ့ တွေနဲ့ အကာအကွယ်ပစ္စည်းတွေ ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ဇူလိုင်လ ၁၆ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။