မြန်မာနိုင်ငံ လာမယ့်နှစ်အတွင်း ပိုဆင်းရဲမည်ဟု ကုလသတိပေး

ကိုဗစ် ကမ္ဘာ့ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုဒဏ်တွေကြောင့် မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ အခုလာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ ဆင်းရဲမွဲတေမှုအောက်ကို ရောက်သွားနိုင်တယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကုလသမဂ္ဂက သတိပေးလိုက်တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ မြို့ပြလူထုဆင်းရဲမှုဟာ သုံးဆလောက်တိုးလာလိမ့်မယ်လို့လည်း ဆိုပါတယ်။
UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က အိမ်ထောင်စုပေါင်း ၁၂ဝဝ ကို မေးမြန်းစုံစမ်းချက်တွေအရ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ မလုပ်ခင်အခြေအနေတွေကို ပြန်ရောက်သွားပြီး လူလတ်တန်းစား ပျောက်ကွယ်သွားမယ့် အခြေအနေပဲလို့ ဆိုပါတယ်။ ဒီအခြေအနေအပေါ် မှတ်ချက်ပေးဖို့ စစ်ကောင်စီပြောခွင့်ရဆီ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ဘူးလို့ ရိုက်တာသတင်းက ရေးပါတယ်။
ကုလသမဂ္ဂရဲ့ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံမှာ လက်ရှိဆင်းရဲတဲ့ဘဝရောက်နေသူတွေဟာ ၂၄.၈ ရာခိုင်နှုန်းရှိနေတာက ၄၆.၃ ရာခိုင်နှုန်းအထိ နှစ်ဆတိုးလာနိုင်တယ်လို့ ဆိုပါတယ်။
မြို့ပြဆင်းရဲမှုဟာ ၂၀၁၉ ခုနှစ်တုန်းက ၁၁.၃ ရာခိုင်နှုန်း ရှိခဲ့တာကနေ အခုလာမယ့်နှစ် ၂၀၂၂ ခုနှစ်ထဲမှာ ၃၇.၂ ရာခိုင်နှုန်းအထိ သုံးဆမြင့်သွားလိမ့်မယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ UNDPရဲ့ စစ်တမ်းကို ဖြေဆိုတဲ့ မြို့ပြနေသူတွေရဲ့ တဝက်ဟာ သူတို့မှာ စုဆောင်းထားတဲ့ ငွေတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။
မိသားစု ခရီးသွားလာမှုမှာ အဓိကကျတဲ့ မော်တော်ဆိုင်ကယ်လို ပိုင်ဆိုင်မှုတွေကိုလည်း ရောင်းချပြီး နေထိုင်ရှင်သန်နေကြရတယ်လို့ ကုလသမဂ္ဂ UNDP အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။