ငလျင်အပျက်အစီး တန် နှစ်သန်းခွဲ အရေးပေါ်ဖယ်ရှားဖို့ လိုအပ်နေကြောင်း UNDP ပြော
2025.04.15
မြန်မာနိုင်ငံမှာ ငလျင်ကြောင့် အပျက်အစီး အနည်းဆုံး တန် နှစ်သန်းခွဲ၊ အကြမ်းဖျဉ်းအားဖြင့် ကုန်တင်ကား ၁၂၅,၀၀၀ စာခန့် အရေးပေါ် ဖယ်ရှားဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အပျက်အစီး ကြီးကြီးမားမားရှိခဲ့ပြီး၊ ပြန်လည် ထူထောင်ရေးအတွက် နေအိမ်တွေ၊ ဆေးရုံတွေ နဲ့ အရေးပါတဲ့ အဆောက်အအုံတွေ ချက်ချင်းပြန်လည် တည်ဆောက်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးအဆောက်အအုံ ၁၂၈ ခု ပြင်းထန်ငလျင်ဒဏ် ခံခဲ့ရပြီး နေအိမ်ပေါင်း ၁၀,၀၀၀ ကျော် နဲ့ ရုံး အဆောက်အဦးတွေလည်း ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေကို ကျန်းမာရေးထောက်ပံ့မှု အနည်းငယ်သာ ပေးနိုင်တာကြောင့် ငလျင်နောက်ဆက်တွဲ အရေးပေါ် ဆေးကုသရေးတွေအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေကြောင်းလည်း UNDP က ဖော်ပြပါတယ်။
လေ့လာချက်အရ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသတွေမှာ ခန့်မှန်းခြေ အဆောက်အဦ ၁.၆ သန်း ရှိပြီး၊ အများအပြားဟာ ပြင်းထန်တဲ့ ငလျင်ဒဏ်ကို ခံနိုင်ရည်မရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ငလျင်ဘေးသင့်ပြည်သူတွေဟာ အခု ကားရပ်နားရာ နေရာတွေမှာ နေထိုင်နေကြပြီး ၄၀ ဒီဂရီ အပူချိန် နဲ့ မိုးသည်းထန်မှုတွေရဲ့ ဒဏ်တွေကိုလည်း ကြုံနေရကြောင်း၊ လူ ၆၀,၀၀၀ ကျော် ယာယီခိုလှုံရာနေရာတွေမှာ နေထိုင်နေကြပြီး သူတို့နေအိမ်တွေကို ပြန်သွားဖို့ အလွန်ကြောက်ရွံ့နေကြကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံ ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေး နဲ့ ပြည်လည်တည်ဆောက်ရေးတွေအတွက် နိုင်ငံတကာအနေနဲ့ အရေးပေါ် အကူအညီတွေ အမြန်ပေးကြဖို့ UNDP က တောင်းဆိုလိုက်ပါတယ်။