မြန်မာပြည်သူ ၇၅ ရာခိုင်နှုန်းကျော် ဆင်းရဲမွဲတေမှုနဲ့ ကြုံနေရ

RFA Burmese
2024.06.24
မြန်မာပြည်သူ ၇၅ ရာခိုင်နှုန်းကျော် ဆင်းရဲမွဲတေမှုနဲ့ ကြုံနေရ ရန်ကုန်မြို့၊ ရပ်ကွက်တစ်ခုမှာ စားအုန်းဆီ တန်းစီဝယ်နေကြသူများကို ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း တွေ့ရစဉ်။
Photo: RFA

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာမှုနဲ့ အထွေထွေအကျပ်အတည်းတွေကြုံနေရတဲ့ မြန်မာနိုင်ငံမှာ လူ ၄၂ သန်းက ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ဒီအပြင် လူပေါင်း ၁၃ သန်းကျော်ကလည်း စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းနောက်ဆက်တွဲအဖြစ် နိုင်ငံတကာက အကူအညီတွေ ဖြတ်တောက်ခံရတဲ့အပြင် ကုလသမဂ္ဂဖွံ့ဖြိုးရေး အကူအညီတွေလည်း ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ၄၀ ရာခိုင်နှုန်းကျော် လျော့ကျသွားတယ်လို့ UNDP က ဖော်ပြပါတယ်။

ပြည်တွင်းကို နိုင်ငံခြားငွေစီးဝင်မှုလျော့နည်းလာတာ၊ ငွေကြေးအဆမတန်ဖောင်းပွလာတာနဲ့ စစ်ပွဲကြောင့် လယ်ယာလုပ်ငန်းတွေ ထိခိုက်လာတာကြောင့် စားနပ်ရိက္ခာမလုံလောက်မှုတွေ ဖြစ်လာသလို ကုန်ဈေးနှုန်း ကြီးမြင့်လာနေတာပါ။

စီးပွားရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု အမှားတွေကြောင့် စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရပြီး ရေတိုဖြေရှင်းနည်းတွေနဲ့ အလုပ်မဖြစ်တော့ဘူးလို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အကျပ်အတည်းတွေကြုံနေရပေမဲ့ မြန်မာ့စီးပွားရေး ဦးမော့လာပြီလို့ အခုနှစ်အစောပိုင်းက ပြောထားပါတယ်။

UNDP ကတော့ ၂၀၂၅ နှစ်ကုန်အထိ မြန်မာနိုင်ငံက လူပေါင်းရှစ်သန်းအထိ အကူအညီပေးရေးလုပ်ငန်းတွေလုပ်ဖို့ ရည်မှန်းထားပြီး လယ်ယာကဏ္ဏကို ဦးစားပေးမြှင့်တင်မယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။