ယူကရိန်းနည်းတူ မြန်မာပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာကို ဦးကျော်မိုးထွန်း တိုက်တွန်း

2022.03.25
ယူကရိန်းနည်းတူ မြန်မာပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာကို ဦးကျော်မိုးထွန်း တိုက်တွန်း ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဆိုင်ရာ ၁၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ်အထူးအစည်းအဝေး။
Photo - Permanent Mission of Myanmar to the United Nations

မြန်မာပြည်သူတွေဟာ ယူကရိန်းပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနည်းတူ ခံစားနေရပြီး စစ်အာဏာရှင် စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး ကြိုးပမ်းနေတဲ့မြန်မာပြည်သူတွေကိုလည်း နိုင်ငံတကာအနေနဲ့ အချိန်နဲ့ တပြေးညီ ထိရောက်စွာ ပံ့ပိုးကူညီပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

မတ်လ ၂၄ ရက်နေ့ကကျင်းပတဲ့ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဆိုင်ရာ ၁၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အရေးပေါ်အထူးအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်း ပြောကြားခဲ့တာပါ။

မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ကျူးလွန်နေတာ၊ အင်အားအလွန်အကျွံ အသုံးပြုတိုက်ခိုက်နေတာကြောင့် မြန်မာပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂစာရင်းတွေအရ မြန်မာပြည်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အထူးလိုအပ်နေသူ ၆.၂ သန်းလောက် ရှိနေပြီး ပြည်သူတွေဟာ စားနပ်ရိက္ခာမလုံလောက်တဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

ဦးကျော်မိုးထွန်းက ယူကရိန်းနိုင်ငံအပေါ် ရုရှားက တိုက်ခိုက်နေတာကို ချက်ချင်းရပ်တန့်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။