မြန်မာစစ်တပ်ထုတ် လက်နက်ကြီးကျည်တွေ ယူကရိန်းစစ်ပွဲမှာ ရုရှားသုံးနေ

2023.07.28
မြန်မာစစ်တပ်ထုတ် လက်နက်ကြီးကျည်တွေ ယူကရိန်းစစ်ပွဲမှာ ရုရှားသုံးနေ Ukraine Weapons Tracker အဖွဲ့က ဖော်ပြထားသည့် မြန်မာစစ်တပ်ထုတ် ၁၂၀ မမ မော်တာကျည်ဆံ။
Photo: Ukraine Weapons Tracker via Twitter

မြန်မာစစ်တပ်က ထုတ်လုပ်တဲ့ ပေါက်ကွဲအားပြင်းတဲ့ ၁၂၀ မမ မော်တာကျည်တွေကို ရုရှားစစ်တပ်က စတင် အသုံးပြုနေတယ်လို့ ယူကရိန်းစစ်မြေပြင်ဆိုင်ရာ လက်နက်ပစ္စည်းလေ့လာစောင့်ကြည့်နေတဲ့ Ukraine Weapons Tracker အဖွဲ့ကို ကိုးကားပြီး နိုင်ငံတကာစစ်ရေးနဲ့ ကာကွယ်ရေးသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။

ဒီမော်တာကျည်တွေဟာ အမြောက်ပြောင်းရှည် အမျိုးမျိုးမှာ ထည့်သုံးလို့ရပြီး တစ်စက္ကန့်ကို မီတာ ၁၀၀ ကျော်ကနေ ၄၅၅ မီတာ အလျင်နှုန်းနဲ့ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

အရင်က မြန်မာစစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေ ရုရှားကိုတင်ပို့တဲ့ သတင်းတွေ မကြားရဘဲ အခု ယူကရိန်းကို တိုက်ခိုက်တဲ့ ရုရှားစစ်လက်နက်ပစ္စည်းတွေထဲမှာ မြန်မာစစ်တပ်ရဲ့ခဲယမ်းတွေ တွေ့ရှိတာဟာ ရုရှား-မြန်မာဆက်ဆံရေးကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ရုရှားစစ်တပ်ရဲ့ စစ်လက်နက်ထုတ်လုပ်နိုင်မှု စွမ်းရည်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ရုရှားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို စိုးရိမ်မကင်းဖြစ်ရတယ်လို့ အခုနှစ် ဖေဖော်ဝါရီလမှာ အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်ပြီး အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သလို မြန်မာနိုင်ငံမှာ နျူကလီးယားလောင်စာသုံး အသေးစားစက်ရုံတစ်ရုံ တည်ဆောက်ရေး အလားအလာအပါအဝင် နျူကလီယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကို သဘောတူခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ နိုဝင်ဘာလကုန်ပိုင်းမှာ ရုရှားစစ်ဦးစီးချုပ်ရုံး အကြီးအကဲ၊ ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel–General Kim Alexey Rostislavovich ဦးဆောင်တဲ့စစ်သံအဖွဲ့ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ မြန်မာစစ်တပ် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။