မြန်မာစစ်တပ် ယူကရိန်း စစ်လက်နက်တွေ ရရှိထား

2021.09.10
မြန်မာစစ်တပ် ယူကရိန်း စစ်လက်နက်တွေ ရရှိထား တပ်မတော် (ကြည်း) (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို ၂၀၁၉၊ ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်ခဲ့စဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်၊ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့‌ပြီးတဲ့နောက်၊ မြန်မာ့စစ်ကောင်စီကို ရုရှားက လက်နက်အမြောက်အမြား ရောင်းချခဲ့တဲ့ သတင်းတွေ အကျယ်အပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ရုရှားအစိုးရကလည်း မြန်မာ့ ဒုက္ခကို အရေးမထား၊ သူ့အတွက် အကျိုးရှိဖို့ကိုသာ ကြည့်တယ်ဆိုတာ ပေါ်ပေါ်ထင်ထင်ပဲ ပြသခဲ့တယ်လို့ The Diplomat သတင်းက ဆိုပါတယ်။

မတ်လ ၂၇ ရက်၊ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alexander Fomin တက်ရောက်ခဲ့ပြီး၊ နှစ်နိုင်ငံ စစ်တပ်ချင်း နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံမှု ထူထောင်ဖို့ ပြောကြားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင် ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့လို့ အရပ်ဘက်ပြည်သူ ၁၂၀ ဝန်းကျင် သေဆုံးခဲ့ရသလို၊ အဲဒီနေ့မှာပဲ၊ ရုရှားရဲ့ အိမ်နီးချင်း ယူကရိန်းကလည်း မြန်မာစစ်တပ်ကို လက်နက်နဲ့ အရေးကြီး စစ်သုံး ပစ္စည်းတွေ ထောက်ပံ့ခဲ့ကြောင်း JFM ခေါ် Justice for Myanmar အဖွဲ့ က ပြောပါတယ်။

ယူကရိန်းရဲ့ ပြည်ပပို့ကုန်မှတ်တမ်းတွေ၊ အပါအဝင် မြန်မာစစ်ကောင်စီရဲ့ ပေါက်ကြားလာခဲ့တဲ့ သတင်းတွေ အရ၊ ယူကရိန်းရဲ့ နိုင်ငံပိုင်ကုမ္ပဏီ တချို့နဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေဟာ လေယာဉ်၊ သင်္ဘောနဲ့ တင့်ကား ဆိုင်ရာ အပိုပစ္စည်းတွေ မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ်ကတည်းက တင်သွင်းနေခဲ့တာ လို့ သိရပါတယ်။ တကယ်တော့ မြန်မာမှာ ဒီနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ မြန်မာစစ်ကောင်စီအပေါ် လက်နက်မရောင်းချဖို့ မဲပေးခဲ့‌ရာမှာ ယူကရိန်းအစိုးရလည်း ပါဝင် မဲပေးခဲ့တာပါ။

အခုလတ်တလော ယူကရိန်းထုတ် လေယာဉ်အင်ဂျင်တွေနဲ့ ဒုံးကျည်တွေ မြန်မာကို တင်ပို့ဖို့ သဘော တူထားရာမှာ၊ ဖေဖော်ဝါရီလက ရန်ကုန်အခြေစိုက် Sky Aviator ခေါ် လေယာဉ်ပစ္စည်းဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဆီကို တင်ပို့ခဲ့ပြီး၊ အဲဒီနောက် မတ်လ ၃၁ ရက်နေ့က ဒုတိယအကြိမ်အဖြစ် တာဘိုဂျက် အင်ဂျင် အစိတ်အပိုင်းတွေ တင်ပို့ခဲ့ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက် နေတဲ့အချိန်အတွင်း အခုလို လေယာဉ်ဆိုင်ရာ ပစ္စည်းတွေ တင်သွင်းလာနေတာ ဖြစ်ကြောင်း Diplomat သတင်းက ဖော်ပြပါတယ်။ တစ်ချိန်တည်းမှာ သစ်တောဝန်ကြီးဟောင်းတစ်ဦး ရဲ့ သားဖြစ်သူ ဦးစီးတဲ့ Yatanarpon Aviation Services ကလည်း လေယာဉ် အစိတ်အပိုင်းတွေ ရရှိရောင်းချနေတာပါ။

အခုလို ယူကရိန်း ကုမ္ပဏီတွေဆီက လေယာဉ်ဆိုင်ရာပစ္စည်းတွေ အများအပြား ရရှိနေတာဟာ မြန်မာစစ်တပ် ရဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အကူပြုနေကြောင်းလည်း ဒစ်ပလိုမက် သတင်းက ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာ နဲ့ ယူကရိန်းကြား အချက် ခုနစ်ချက်ပါ၊ စစ်ရေးဆိုင်ရာ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး၊ ၂၀၁၉ ဇွန်လမှာ ပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့ပါတယ်။ အဓိကအနေနဲ့ တတိယနိုင်ငံတွေကို လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနိုင်ရေး ဖြစ်ပါတယ်။ မြန်မာကို တင်ပို့ရောင်းချတဲ့ ယူကရိန်းစစ်လက်နက်ပစ္စည်းတွေထဲမှာ လေကြောင်း စောင့်ကြည့် ရေး ရေဒါစနစ်၊ သံချပ်ကာ ကားတွေ၊ လေယာဉ်အင်ဂျင်တွေနဲ့ အပေါ့စား တင့်ကားတွေ ဖြစ်ပါတယ်။

အခုအခါ မြန်မာ့တပ်မတော်နဲ့ ယူကရိန်းရဲ့ နိုင်ငံပိုင် စစ်လက်နက်ပစ္စည်း ကော်ပိုရေးရှင်း၊ မြန်မာ ဓာတုနဲ့ စက်ပစ္စည်း စတဲ့ မြန်မာ ယူကရိန်း ဖက်စပ်လုပ်ငန်းတို့ ပူးပေါင်းပြီး လက်နက်စက်ရုံ ပူးတွဲထူထောင်ကြမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီအတွင်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာ စစ်သံမှူး ဗိုလ်ကြီး စိုးအောင် ကို နိုင်ငံကနေ နှင်ထုတ်ဖို့ လန်ဒန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကို တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း လန်ဒန်မြို့၊ မြန်မာသံရုံးမှာ သံအမတ်ကြီး ဦးကျော်စွာမင်းကို ၊ အာဏာသိမ်း မြန်မာ စစ်ကောင်စီ ကိုယ်စားပြုသူတွေက သံရုံးအတွင်း အဝင်ခံဘဲ ဖယ်ရှားခဲ့ပါတယ်။ ဒိကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်ရောက် မြန်မာအသိုင်းအဝိုင်းက မြန်မာ စစ်သံမှူး ဗိုလ်ကြီး စိုးအောင် သံရုံးမှာ ရှိနေတာဟာ တခြား သံရုံးဝန်ထမ်းတွေအတွက်သာမက၊ မြန်မာနိုင်ငံက သူတို့ရဲ့ မိသားစုဝင်တွေပါ အန္တရာယ်ရှိကြောင်း ပြောဆိုကြပါတယ်။

နောက်ထပ် စိုးရိမ်စရာက အမေရိကန်ပြည်ထောင်စုမှာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံတဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကို လုပ်ကြံဖို့ကိစ္စ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်မှာ အဲဒီလို ဖြစ်ခဲ့ရင် ဗြိတိန်မှာရော မဖြစ်နိုင်ဘူးလားလို့ Burma Campaign UK ညွှန်ကြားရေးမှူး Mark Farmaner က မေးခွန်းထုတ်လိုက်ပါတယ်။

မြန်မာ စစ်သံမှူး ဗိုလ်ကြီး စိုးအောင်ဟာ မြန်မာရေတပ်ကဖြစ်ပြီး၊ လက်ရှိ လန်ဒန် အနောက်တောင်ပိုင်း က လူချမ်းသာရပ်ကွက်မှာ အိမ်ကြီးအိမ်ကောင်းနဲ့ နေထိုင်သူဖြစ်ကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။