မြန်မာ့အရေး ကမ္ဘာ့မျက်နှာစာမှာ မပျောက်ကွယ်အောင် ဆောင်ရွက်မယ်လို့ NUG ပြော

ဝေမာထွန်း ( ဝါရှင်တန်ဒီစီ )
2022.03.16
မြန်မာ့အရေး ကမ္ဘာ့မျက်နှာစာမှာ မပျောက်ကွယ်အောင် ဆောင်ရွက်မယ်လို့ NUG ပြော ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်က ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နှင်းခဲ့စဉ်
Photo:AFP

ယူကရိန်းအရေးကို ကမ္ဘာက အာရုံစိုက်နေချိန်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ နိုင်ငံတကာ မျက်နှာစာမှာ ပျောက်ကွယ်မသွားအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပေးပို့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မတ်လ ၁၆ ရက်နေ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဖာမြို့မှာ ကျင်းပနေတဲ့ ၄၉ ကြိမ်မြောက် လူ့အခွင့်ရေးကောင်စီညီလာခံကို စစ်ကောင်စီနဲ့ NUG နှစ်ဖက်စလုံးက ကိုယ်စားလှယ် တင်သွင်းထားပြီး နှစ်ဖက်လုံးက တက်ခွင့်မရှိသေးပါဘူး။ NUG အနေနဲ့ အစီရင်ခံစာတင်သွင်းခွင့်တော့ရှိပြီး အစီရင်ခံစာတင်သွင်းထားတယ်လို့ ပြောပါတယ်။

ဒီအစီရင်စာမှာ ချင်းပြည်နယ်၊ ထန်တလန်မှာ မြို့လုံးကျွတ်မီးရှို့ခံရတာ၊ စစ်ကိုင်းတိုင်း၊ ကနီမှာ လူ ၄၀ ကျော်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာ၊ ချင်းပြည်နယ် မတူပီမြို့မှာ ကလေးငယ်တွေအပါအဝင် အမျိုးသားတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ခရစ်စမတ်အကြိုနေ့မှာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ လူအစုလိုက် ဖမ်းဆီးမီးရှို့ခံရတဲ့ကိစ္စနဲ့ ရန်ကုန်တိုင်း ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြလူစုကို ကားနဲ့တိုက်တဲ့ ဖြစ်ရပ်တွေကို ထည့်သွင်းထားတယ်လို့ ပြောပါတယ်။

000_94E2GJ (1).jpg
၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသူတစ်ဦးကို ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးခဲ့စဉ်။ Photo:AFP

NUG ဝန်ကြီး ဦးအောင်မျိုးမင်းက “စစ်ကောင်စီက ဒီ ၅ ခုပဲ ကျူးလွန်တာမဟုတ်ဘူး။ နိစ္စဓူဝ ဒီလိုမျိုးပုံစံနဲ့ အလားတူတဲ့ လူသတ်မှု၊ မီးရှို့မှုတွေ၊ သတ်ဖြတ်မှု၊ အလောင်းဖျောက်မှုတွေဖြစ်နေတယ်။” လို့ပြောပါတယ်။

လက်ရှိမှာ စစ်ဘေးဒုက္ခသည် ငါးသိန်းသုံးသောင်း ရှိလာနေပါပြီ။

NUG က စုဆောင်းရမိတဲ့ အချက်အလက်တွေအရ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာနဲ့မြို့ပေါင်း ၁၈၆ ရွာနဲ့ အိမ်ပေါင်း ၆၇၁၉ လုံးရှိတယ်လို့ဆိုပါတယ်။အများဆုံးက စစ်ကိုင်း၊မကွေး၊ ချင်းနဲ့ ကယားပြည်နယ်တွေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီမှာ လေကြောင်းတိုက်ခိုက်မှု ၅၃ ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ဘေးဒုက္ခသည် ငါးသိန်းသုံးသောင်း ရှိလာနေပါပြီ။

NUG ရဲ့ သတင်းစာရှင်းလင်းပွဲကို စစ်ကောင်စီရဲ့ မီးရှို့မှုကို ခံခဲ့ရတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း တက်ရောက်ခဲ့ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားရွာက နေအိမ် မီးရှို့ခံခဲ့ရတဲ့ အသက် ၅၀အရွယ် အမျိုးသားက စစ်ကောင်စီက ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ရွာကို မီးရှို့ခဲ့လို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရပြီး စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ လက်ရှိမှာ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့၊ ပန်းရွာကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီရွာက အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသမီးက“မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ အောက်ပိုင်းသေတွေက ရွာတွေထဲမှာ ကျန်ခဲ့တယ်။ မပြေးနိုင်လို့ တချို့ကို ထားခဲ့ရတာ။ တချို့ရွာသားတွေ ယောကျ်ားတွေက ကိုယ့်အိမ်ကိုယ် မီးရှို့လို့ ငြိမ်းရမယ်ဆိုပြီး အရဲစွန့်ပြီးရွာထဲကို ဝင်သွားတာ။ ရွာသား ၁၀ ယောက်ကျော်၊ ၂၀ လောက်အဖမ်းခံရတယ်။ ကျွဲတွေ၊ နွားတွေလည်း မီးထဲမှာ သေကုန်တယ်။ မီးလောင်ပြီး အော်ကြတယ်။ ဘာမှမတတတ်နိုင်ဘူး။ တိရစ္ဆာန်တွေဆိုပေမယ့် သူတို့လည်း အသက်နဲ့ ” လို့ သူရဲ့ အတွေ့အကြုံကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျေးရွာနဲ့မြို့တွေက နေအိမ်တွေမီးရှို့ခံရတာဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေလုပ်ဆောင်တာလို့ ပြောဆိုပြီး စစ်ကောင်စီရဲ့ လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

NUG ဘက်ကတော့ စစ်ကောင်စီရဲ့ လက်ချက်နဲ့ စစ်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားတွေသေဆုံးတယ်။ ဖြတ်လေးဖြတ်စီမံချက်အတိုင်း စစ်တပ်ဟာ လူသတ်၊ နေအိမ်နဲ့ စိုက်ခင်းတွေဖျက်ဆီးတာတွေရှိနေတယ်လို့ ဆိုပါတယ်။ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက တင်ပြထားတဲ့ ဒီအစီရင်ခံစာကြောင့် မြန်မာပြည်မှာ စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေဟာ ရာဇဝတ်မှုမြောက်နေပြီး နိုင်ငံတကာတရားရုံးတွေကတစ်ဆင့် အရေးယူနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်း ကပြောပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်လွှတ်တော်နှစ်ရပ်က ပေးမယ့် ဒေါ်လာ ၁၃၆ သန်းဟာ ဘယ်လမ်းကြောင်းကနေ ဘယ်သူတွေကို ပေးမယ်ဆိုတာ မသိရသေးကြောင်း၊ လက်ရှိအချိန်အထိ NUG အစိုးရလက်ထဲကို ရောက်ရှိတာမရှိသေးကြောင်းနဲ့ အလှူငွေတွေရောက်လာရင် ဒုက္ခသည်တွေ၊ CDM တွေ၊ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေမှာ သုံးသွားဖို့ရှိတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။