ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးမှု စစ်ကောင်စီကန့်ကွက်

RFA Burmese
2024.03.05
ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးမှု စစ်ကောင်စီကန့်ကွက် ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲ တက်ရောက်လာသော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk။
AFP

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ရဲ့ ပြောကြားချက်နဲ့ အပြန်အလှန်ဆွေးနွေးမှုတွေကို ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မဟာမင်းကြီး Volker Turk ရဲ့ ပြောကြားချက်နဲ့ အချို့သော ကိုယ်စားလှယ်အဖွဲ့တွေရဲ့ ပြောကြားချက်တွေဟာ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်ထက်ကျော်လွန်နေပြီး တစ်ဖက်သတ် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်တာလို့ ဆိုပါတယ်။

သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ အပြန်အလှန်ဆွေးနွေးတာဟာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကိုက်ညီဖို့ ပျက်ကွက်တာလို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ထောက်ပြထားပါတယ်။

(၅၅) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံကို ဂျနီဗာမြို့မှာ မတ်လ ၁ ရက်နေ့က ကျင်းပခဲ့တာပါ။

အဲဒီညီလာခံမှာ ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေအပေါ် လူမဆန် ရက်စက်မှုတွေ ကျူးလွန်နေတာကို တားဆီးဖို့အတွက် စစ်ကောင်စီကို လက်နက်၊ လေယာဉ်လောင်စာဆီနဲ့ နိုင်ငံခြားငွေသုံးစွဲခွင့်တွေ ရယူနိုင်ခြင်း မရှိအောင် ကန့်သတ်ပိတ်ဆို့ဖို့ မဟာမင်းကြီး Volker Turk က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ နည်းလမ်းသစ်ရှာဖွေ ချဉ်းကပ်ဖို့ လိုနေပြီး၊ NUG အစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေ၊ နယ်စပ်မှာလှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့တွေ အားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ လိုတယ်လို့လည်း မဟာမင်းကြီး Volker Turk က ပြောကြားခဲ့ပါတယ်။

အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဆက်ဆံဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ တိုက်တွန်းချက်အပေါ်ကြိုဆိုကြောင်း NUG အစိုးရက မတ်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။