စစ်ကောင်စီက ယူကရိန်းထုတ် သံချပ်ကာကားတွေ အသုံးပြုနေ
2023.10.30

လတ်တလောဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲအတွင်း MNDAA ကိုးကန့်အဖွဲ့က စစ်ကောင်စီရဲ့ တင့်ကားနှစ်စီးကို သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့ပြီး အဲဒီတင့်ကားတွေဟာ ယူကရိန်းနိုင်ငံထုတ် MT-MBMSh လို့ခေါ်တဲ့ တိုက်ခိုက်ရေးသုံး တင့်ကားတွေ ဖြစ်နေတယ်လို့ ယူကရိန်းအခြေစိုက် ilitarnyi စစ်ရေးစာစောင်မှာ ဒီကနေ့ ဖော်ပြပါတယ်။
တရုတ် - မြန်မာနယ်စပ် ချင်းရွှေဟော်ဒေသမှာ အောက်တိုဘာလ ၂၈ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တင့်ကားနှစ်စီးကို သိမ်းပိုက်ဖျက်ဆီးခဲ့တယ်လို့ MNDAA အဖွဲ့က ဗီဒီယိုမှတ်တမ်း ထုတ်ပြန်ထားပါတယ်။
အဲဒီဗီဒီယိုတွေထဲမှာပါတဲ့ တင့်ကားတွေကို စစ်ဆေးကြည့်တဲ့အခါမှာ ယူကရိန်းထုတ် သံချပ်ကာ တင့်ကားတွေဖြစ်နေတာ တွေ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာစစ်တပ်ဟာ ယူကရိန်းဆီကနေ စစ်ရေးတိုက်ခိုက်ရေးသုံးကား ၁၀ စီးကို ၂၀၀၇ ခုနှစ်က ပထမဆုံးရခဲ့ပြီး အဲဒီနောက် ၂၀၁၀ ပြည့်နှစ်မှာလည်း ၁၆ စီး ထပ်ရခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းနဲ့ မြန်မာကြား စစ်ရေးသုံးတင့်ကားတွေ ရောင်းချခဲ့တယ်လို့ အစီရင်ခံစာတွေ ထွက်ပေါ်ခဲ့ပေမယ့် နှစ်နိုင်ငံကြား စစ်လက်နက်ရောင်းချနေတယ်ဆိုတဲ့ တရားဝင် အချက်အလက်တွေတော့ လုံးဝထွက်လာတာ မရှိဘူးလို့ သတင်းက ဖော်ပြပါတယ်။
ယူကရိန်းလွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် အမတ်တစ်ဦးနဲ့ RFA က ပြီးခဲ့တဲ့ စက်တင်ဘာလက သီးသန့် ဆက်သွယ်မေးမြန်းခန်းမှာတော့- အရင် ယူကရိန်းအစိုးရက မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာတွေ ရှိခဲ့ပေမယ့် လက်ရှိ သမ္မတ ဇာလန်းစကီး ဦးဆောင်တဲ့အစိုးရကတော့ မြန်မာစစ်တပ်နဲ့ လက်နက်အရောင်း အဝယ်လုပ်တာ မရှိဘူးလို့ ပြောထားပါတယ်။