ထိုင်းကနေ ပြန်ပို့ခံရတဲ့ အလုပ်သမားနှစ်ရာကျော်ကို စစ်ကောင်စီတပ် စစ်ဆေး
2025.02.27

ထိုင်းနိုင်ငံထဲ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား နှစ်ရာကျော်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ရနောင်းဆိပ်ကမ်းကနေတစ်ဆင့် ကော့သောင်းဘက်ကို ပြန်ပို့ခဲ့ပေမဲ့ စစ်ကောင်စီတပ်က နေရပ်ပြန်မလွှတ်ဘဲ စစ်ဆေးနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။
အဲဒီအလုပ်သမား နှစ်ရာကျော်အထဲမှာ အမျိုးသား ၁၉၈ ဦးနဲ့ အမျိုးသမီး သုံးဦး ပါဝင်ပြီး ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်တာကြောင့် ဖမ်းဆီးခံခဲ့ရသူတွေလို့ ဆိုပါတယ်။
သူတို့ကို စစ်ကောင်စီတပ်က ကော့သောင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၄၃၁) တပ်ထဲကို ခေါ်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားအရေး ကူညီနေသူတစ်ဦးက RFAကို ပြောပါတယ်။
"ကော့သောင်း စက်လှေဆိပ်ကနေ တစ်ခါတည်း ကားပေါ်တန်းခေါ်သွားတာ။ အခုလို ခေါ်တာက ပထမဆုံး အကြိမ်တော့ မဟုတ်ဘူး။ လေးကြိမ်လောက်ရှိနေပြီ။ အမျိုးသမီးတွေနဲ့ တနင်္သာရီမှတ်ပုံတင်ရှိသူတွေကိုပဲ ပြန်လွှတ်တာ။ ကျန်တဲ့အမျိုးသားတွေကို အကုန်ဖမ်းတယ်"
စစ်ဆေးခံနေရသူတွေကို စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းကျောင်းတွေ ပို့မှာလား ဒါမှမဟုတ် နေရပ်ပြန်လွှတ်မှာလားဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဥ် (၁) ဖွင့်တဲ့ ၂၀၂၄ ခုနှစ် ဧပြီလကုန်ပိုင်းမှာပဲ ထိုင်းအာဏာပိုင်တွေ ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေရှိနေတယ်လို့ ကော့သောင်းမြို့ခံတွေက RFA ကို ပြောထားပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ ပြည်တွင်းမီဒီယာတချို့မှာ ပြန်ပို့ခံရသူတွေကို ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ဆက်စပ်နေသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်သူတွေ၊ အမည်ပျက်စာရင်းသွင်းခံရသူတွေ၊ လူကုန်ကူးမှုနဲ့ အလိုရှိသူတွေ ပါဝင်လာခြင်းရှိ မရှိ စစ်ဆေးနေတယ်လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဖော်ပြထားပါတယ်။
တနင်္သာရီဒေသအခြေနေတွေကို ဖော်ပြနေတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ ဖေဖော်ဝါရီလ ၂၃ ရက် ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ရနောင်းအချုပ်ခန်းတွေကနေ မြန်မာနိုင်ငံသား နှစ်ထောင်ကျော် (၂၀၀၅ ဦး) ကို ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကို ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။