မြန်မာပြည်သို့ ယူကရိန်းမှ လက်နက်တင်ပို့မှု အမေရိကန် ရပ်တန့်နိုင်ခဲ့ကြောင်း ဝီကီလိခ် ဖော်ပြ

ယူကရိန်းနိုင်ငံ Kiev မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဝါရှင်တန်ကို ပေးပို့ခဲ့တဲ့ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ လျှို့ဝှက်ပေးစာအရ - ယူကရိန်းနိုင်ငံဟာ အမေရိကန် ပြည်ထောင်စုရဲ့ ကန့်ကွက်ချက်ကို လက်ခံ ရရှိကြောင်း၊ မြန်မာစစ်အစိုးရအတွက် လက်နက်တွေ တင်ပို့ရောင်းချခြင်း မရှိတော့ကြောင်း ပြောဆိုခဲ့ တယ်လို့ WikiLeaks အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

2010.12.09
ukraine_missile_embargo_305_z.png ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် မြို့တော်မှ မိုင် ၂၀ ခန့်အကွာတွင် ပြုလုပ်သော စစ်ရေး လေ့ကျင့်မှုတွင် ဒုံးကျည်တစင်း ပစ်လွှတ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ယူကရိန်းဟာ မြန်မာနဲ့ ချုပ်ဆိုထားတဲ့ လက်နက်အရောင်းအဝယ် ကန်ထရိုက်စာချုပ်တွေကိုလည်း ဖျက်သိမ်းတော့မှာ ဖြစ်ပြီး၊ ၂၀၀၅ ခုနှစ်ကစလို့ မြန်မာပြည်ကို တင်ပို့မှုတွေကို လျှော့ချနေကြောင်း၊ အမေရိကန်ရဲ့ သတိပေးချက်ကြောင့် ၂၀၀၈ ခုနှစ်မှာဆိုရင် တင်ပို့မှု လုံးဝ မရှိသလောက် ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ တနှစ်ခွဲအတွင်း မြန်မာစစ်အစိုးရနဲ့ နောက်ထပ် ဘာစာချုပ်အသစ်တွေမှ မချုပ်ဆိုခဲ့ကြောင်း၊ လက်ရှိ တင်ပို့မှုတွေဟာ အရန် ပစ္စည်းတွေသာ ဖြစ်ပြီး၊ ကျန်နေသေးတဲ့ လုပ်ငန်းကလည်း မဆိုစလောက်သာ ရှိတော့တာမို့ သက်ဆိုင်ရာ လုပ်ငန်း ကုမ္ပဏီက သူ့အလုပ်သမားအားလုံးကို မြန်မာပြည်ကနေ ပြန်ခေါ်ထားပြီ ဖြစ်ကြောင်းလည်း WikiLeaks အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အဆိုအရ ၂၀၀၄ ခုနှစ်က ယူကရိန်းအစိုးရဟာ မြန်မာ စစ်အစိုးရကို ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက်ရောင်းချဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ စစ်အစိုးရအတွက် လေကြောင်းကာကွယ်ရေးစနစ် တပ်ဆင်ရာမှာလည်း တရုတ်၊ ရုရှတို့နဲ့အတူ ယူကရိန်းကလည်း ပါဝင်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။