မူဆယ်မှာ စစ်ကျန်လက်နက်ကြီး ပေါက်ကွဲပြီး နှစ်ဦး သေဆုံး
2024.10.17

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စု ပန်ခါးရွာမှာ အောက်တို ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်ကျန် လက်နက်ကြီးကျည်တစ်ခုကို ဖြုတ်ကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံက RFA ကို ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသား နှစ်ဦးဟာ အသက် ၂၇ နှစ်အရွယ်နဲ့ အသက် ၆၀ အရွယ်တွေ ဖြစ်တယ်လို့ နမ့်အွမ် ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဖြစ်တာက မနက်ပိုင်း ကိုးနာရီကျော်ကျော်မှာ ဖြစ်တာ။ သူတို့က လက်နက်ကြီးကိုဖြုတ်တာ အထဲကယမ်းတွေ ထုတ်ဖို့တဲ့ အဲဒါပေါက်ကွဲသွားတာ။ တစ်ယောက်က ခိုမုန်းရွာခံ နောက်တစ်ယောက်က နမ့်အွမ် စုစည်းရွာက တစ်ယောက်ပေါ့ ။ ပေါက်ကွဲတာက ပန်ခါးရွာက အိမ်ထဲမှာ သူတို့ဖြစ်ကြတာ”
ပေါက်ကွဲမှုဖြစ်တဲ့ လက်နက်ကြီး အမျိုးအစားဟာ ပခုံးထမ်းလောင်ချာ လက်ကြီးကျည် အမျိုးအစားဖြစ်တယ် လို့ဆိုပါတယ်။
မူဆယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ နမ့်အွမ်ကျေးရွာတို့မှာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် KIA နဲ့ MNDAA နဲ့ TNLA တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး KIA နဲ့ MNDAA၊ TNLA ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြေမြုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကြောင့် အရပ်သားထိခိုက် သေဆုံးမှု ပိုးများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်မှုအများဆုံးကတော့ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ မြို့နယ်တွေက ဖြစ်တယ်လို့ ဒေသအခြေစိုက် အရပ်ဘက် အဖွဲ့တွေရဲ့ စာရင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာလ ၄ ရက်နေ့တုန်းကလည်း ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ရွာက အမျိုးသား တစ်ဦး မိုင်းနင်းမိလို့ ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ဇူလိုင်လအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာအရ နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်ပစ္စည်းတွေကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း အရပ်သား ၁၀၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။