စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ ထူးကုမ္ပဏီအုပ်စုကို ဗြိတိန် ပိတ်ဆို့အရေးယူ

2021.09.02
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ ထူးကုမ္ပဏီအုပ်စုကို ဗြိတိန် ပိတ်ဆို့အရေးယူ ထူးထရေးဒင်းကုမ္ပဏီ တည်ထောင်သူနဲ့ ဥက္ကဋ္ဌ ဦးတေဇ။
Photo: HTOO Group of Companies

မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းဖို့ ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ဆောင်မှုတွေ ပေးအပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သူပိုင်ဆိုင်တဲ့ ထူးထရေးဒင်း ကုမ္ပဏီအုပ်စုကို ဗြိတိန်နိုင်ငံက စီးပွားရေး ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။

ဗြိတိန်နိုင်ငံတွင်းမှာရှိတဲ့ ထူးကုမ္ပဏီနဲ့ ဦးတေဇရဲ့ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်ပြီး ဦးတေဇကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်သွားမှာ ဖြစ်ကြောင်း၊ ဦးတေဇနဲ့ ထူးကုမ္ပဏီအတွက် ငွေကြေးနဲ့ ဘဏ္ဍာရေးအရင်းအမြစ် လွှဲပြောင်းပေးအပ်မှု အားလုံးကိုလည်း ကန့်သတ်တားဆီးသွားမယ်လို့ စက်တင်ဘာလ ၂ ရက်နေ့စွဲနဲ့ ဗြိတိန်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ထူးထရေးဒင်းကုမ္ပဏီ တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇဟာ သူ့ရဲ့ ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေကနေ တဆင့် အရင် စစ်ခေါင်းဆောင်တွေနဲ့ရော လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ပါ ချိတ်ဆက်ထားပြီး၊ ဦးတေဇပိုင် စီးပွားရေးလုပ်ငန်းတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ငွေကြေးထည့်ဝင်ခဲ့ကြောင်း၊ ဒါ့အပြင် ဦးတေဇပိုင် ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် လက်နက်တွေ တင်သွင်းပေးနေပြီး မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပံ့ပိုးကူညီနေကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဆက်စပ်နဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ ဗြိတိန်နိုင်ငံက ပစ်မှတ်ထား အရေးယူတော့မယ်ဆိုတာကို ပြသလိုက်တာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ‌ဒိုမိနစ် ရပ်ဘ်က ပြောပါတယ်။

မကြာသေးခင်က ဗြိတိန်နိုင်ငံမှာ ကျင်းပတဲ့ G7 စက်မှုထိပ်သီး နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ… မြန်မာနိုင်ငံကို လက်နက် တင်ပို့ရောင်းချမှု အားလုံး ပိတ်ပင်ထားဖို့ သဘောတူညီချက်အရ ဒီအရေးယူပိတ်ဆို့မှုတွေကို ချမှတ်လိုက်တာ ဖြစ်ကြောင်း၊ မြန်မာစစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်နေတာတွေ ရပ်တန့်မယ့်အခြေအနေ မတွေ့ရတဲ့အတွက် ယူကေနိုင်ငံအနေနဲ့ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို တားဆီးနိုင်ဖို့၊ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကိုပါ အခုလို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တာလို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ယူကေနိုင်ငံအနေနဲ့ မိတ်ဘက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ပိတ်ပင်ဖို့ ဆုံးဖြတ်ချက် ချနိုင်အောင် ကြိုးပမ်းနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ G7 စက်မှုထိပ်သီးနိုင်ငံတွေရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ယူကေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရအောင် လုပ်ဖို့၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့ အပါအဝင် အာဆီယံအဖွဲ့ဝင်တွေနဲ့ သဘောတူထားတဲ့ သဘောတူညီချက်ငါးရပ်ကို ချက်ချင်း အကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။