မြို့နယ် ၁၆၀ ကျော်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌပြော

RFA Burmese
2024.12.10
မြို့နယ် ၁၆၀ ကျော်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌပြော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ဆုံခဲ့စဥ်။
UEC

နိုင်ငံတစ်ဝန်း မြို့နယ် ၃၃၀ ရှိတဲ့အထဲက လုံခြုံရေးစိတ်ချရတဲ့ မြို့နယ် ၁၆၁ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်နိုင်မယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကပြောကြောင်း နိုင်ငံရေးပါတီတွေက RFA ကို ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောလိုက်တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဘယ်မြို့နယ်တွေမှာ လုပ်မယ်ဆိုတာ အတိအကျ မပြောသွားဘူးလို့ ပြည်သူ့ရှေ့ဆောင်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ မျိုးဆက်သွေးက RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲ ကျင်းပလို့ရတယ် ဆိုတာထက် လုံခြုံရေးအခြေအနေအရ စိတ်ချရတဲ့နေရာပေါ့။ သူကတော့ ပြောတဲ့စကားထဲမှာ လုံခြုံရေးအခြေအနေအရ စိတ်ချရတဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပမယ်။ ပြီးရင် လုံခြုံရေးပေးဖို့ လိုတဲ့နေရာတွေမှာ နောက်တစ်ဆင့် ရွေးကောက်ပွဲ ကျင်းပမယ်၊ ဒီလိုသဘောမျိုးပြောတာ”

၂၀၂၅ ခုနှစ်အတွင်း ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ပြည်နယ်နဲ့ တိုင်းက တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တွေ နေရာကိုတော့ နိုင်သူအကုန်ယူစနစ် (FPTP) နဲ့ လုပ်မယ်လို့ ဆိုပါတယ်။

ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကတော့ လုံခြုံရေးအရ မလုပ်နိုင်တဲ့ ဒေသတွေက ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့ နေရပ်စွန့်ခွာ ထွက်ပြေးပြီး ရောက်တဲ့ဒေသမှာ မဲပေးပိုင်ခွင့်ရှိဖို့ လိုအပ်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်ပြေးဒုက္ခသည်အဖြစ် စစ်မဖြစ်တဲ့နေရာမှာ ခိုလှုံလာရင် အဲဒီခိုလှုံလာတဲ့သူရဲ့ မဲပေးပိုင်ခွင့်ကို အခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်က ကာကွယ်ပေးရမယ်”

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်နိုင်ခဲ့ရင် နိုင်ငံရေးပြောင်းလဲမှုမျိုး ဖြစ်မှာမဟုတ်ဘဲ အရေးပေါ်အခြေအနေ ရုပ်သိမ်းတာနဲ့ စစ်အုပ်ချုပ်ရေးတွေ ပယ်ဖျက်တာလောက်ပဲ ဖြစ်လာမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံတစ်ဝန်း မဲဆန္ဒနယ် ၃၃၀ ရှိတဲ့အထဲက ၃၁၅ နယ်မှာ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့ပါတယ်။

လက်ရှိပြည်တွင်းမှာ ရွေးကောက်ပွဲဝင်မဲ့ တည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီရှိပြီး တည်ထောင်ခွင့်စိစစ်ဆဲ တစ်ပါတီရှိတယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက တွေ့ဆုံပွဲမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။