မသန်စွမ်းသူတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရကြောင်း ဦးကျော်မိုးထွန်း ပြော

RFA Burmese
2024.11.03
မသန်စွမ်းသူတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရကြောင်း ဦးကျော်မိုးထွန်း ပြော ကုလသမဂ္ဂ အစည်းအဝေးတက်ရောက်နေသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဥ်။
Parmannet Mission of Myanmar to the United Nations

မြန်မာနိုင်ငံက မသန်စွမ်းသူတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ်လို့ နိုဝင်ဘာ ၁ ရက်နေ့က နယူးယောက်မြို့မှာကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဥ်ကျေးမှုဆိုင်ရာ တတိယကော်မတီ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၃၆ နိုင်ငံ တက်ရောက်တဲ့ အဲဒီအစည်းအဝေးမှာ မသန်စွမ်းသူများရဲ့ အခွင့်အရေးနဲ့စပ်လျဥ်းပြီး မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေဟာ ရွာတွေကို ဝင်ရောက်စီးနင်းချိန် သာမာန်လူတွေလို ထွက်မပြေးနိုင်တဲ့ မသန်စွမ်းသူတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး အများစုက ညှင်းပန်းနှိပ်စက်ခံကြရသလို တချို့က သတ်ဖြတ်ခံရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မသန်စွမ်းသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေဟာ သိသိသာသာ မြင့်တက်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၄၅ လတာအတွင်းမှာလည်း စစ်ကောင်စီဟာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသက ကလေးငယ်တွေ၊ လူငယ်တွေနဲ့ အရပ်သားတွေဟာ ထိခိုက်ဒဏ်ရာရာရပြီး မသန်စွမ်းဦးရေလည်း တိုးလာတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

Myanmar Information Management Unit (MIMU) ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်အထိ လူဦးရေရဲ့ ၁၃ ရာခိုင်းနှုန်းဖြစ်တဲ့ ၅ ဒသမ ၉ သန်းခန့်က မသန်စွမ်းသူတွေ ဖြစ်ပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။