ကလေးမြို့မှာ စစ်ကောင်စီက ပစ်ခတ်လို့ လူငယ်နှစ်ဦး သေဆုံး
2021.06.25
စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက် လမ်းမပေါ်မှာ ဇွန်လ ၂၃ ရက်နေ့ည ၉ နာရီလောက်အချိန်က ဒေသခံ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လိုက်လို့ သေဆုံးသွားခဲ့တာပါ။
သေဆုံးသူနှစ်ဦးဟာ အသက် ၂၄ နှစ်အရွယ် ဆလိုင်းငွန်နိုင်ပိုင် (Salai Ngun Nei Paing) နဲ့ အသက် ၁၉ နှစ် မိုင်နွမ်ဇာထီးယန်း(Mai Nuam Za Thing)တို့ ဖြစ်ပါတယ်။
မိုင်နွမ်ဇာထီးယန်းဟာ ကလေးမြို့နဲ့ ဆယ့်နှစ်မိုင်ခန့်ဝေးတဲ့ ညောင်တုန်းရွာမှာနေထိုင်တဲ့ အမျိုးသမီးငယ် ဖြစ်ပြီး သူဟာ သူ့ရဲ့ ဦးလေးဖြစ်သူအတွက် ဆေးဝယ်ဖို့ဆိုပြီး အဲဒီနေ့ ညနေ ငါးနာရီလောက်အချိန်က ကလေးမြို့မှာ နေထိုင်တဲ့ ဆလိုင်းငွန်နိုင်ပိုင်ရဲ့ မော်တော်ဆိုင်ကယ်နဲ့ လိုက်လာပြီးနောက်အပြန်မှာ ပစ်ခတ်ခံခဲ့ရတာလို့ မိသားစုက ပြောပါတယ်။
အဲဒီနေ့က သူတို့နှစ်ဦး ဆိုင်ကယ်နဲ့ပြန်လာချိန် တောင်ဖီလာရပ်ကွက်ထဲမှာ စစ်သားတွေက လှမ်းပစ်ခဲ့တာ ကြောင့် ဆလိုင်းငွန်နိုင်ပိုင်က ပွဲချင်းပြီးသေဆုံးပြီး မိုင်နွမ်ဇာထီးယန်းရဲ့ ရုပ်အလောင်းကိုတော့ နောက်နေ့ မနက်မှာ ဆေးရုံမှာတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုင်နွမ်ဇာထီးယန်းရဲ့ မိသားစုဝင်တစ်ဦးက သူ့ရဲ့ရုပ်အလောင်းကို စစ်တပ် ဆေးရုံ ဆရာဝန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့သေတာလို့ ဆေးစာထုတ်ပေးခဲ့ပေမယ့် သုဿန်မှာ အလောင်းကို ဖွင့်ကြည့်တဲ့အခါမှာ သေနတ်ဒဏ်ရာကို တွေ့ရှိရတယ်လို့ RFA ကို ပြောပါတယ်။
“စစ်သားတွေက ရပ်ခိုင်းတယ်လို့ ပြောတယ်။ ည ၉ နာရီလောက်ဆိုတော့ ရပ်ခိုင်းတာကို မရပ်ဘဲနဲ့ ဆက်မောင်းတဲ့အခါကျတော့ စစ်သားတွေက ပစ်သတ်လိုက်တာ။ လူကြီးတွေက အလောင်းကို သွားတောင်းတဲ့အခါကျတော့ အဲဒီမှာ စာထုတ်ပေးလိုက်တယ်ပေါ့ ရုံးကနေပြီးတော့မှ။ ကိုဗစ်ရောဂါနဲ့ သေသွားတယ်ပေါ့နော်။ ယူလို့ရပြီဆိုပြီး အဲဒီစာပေးလိုက်တဲ့နောက်မှာမှ အလောင်းကို ယူခွင့်ပြုတယ်။ အလောင်းကိုတောင်မှ ရွာကို သယ်ခွင့်မပြုဘူး။ ချက်ချင်းပဲ စစ်ဆေးရုံကနေ သင်္ချိုင်းကုန်းကို ချက်ချင်း သွားပြီးတော့မှကို သင်္ဂြိုဟ်ရတာ။ သင်္ချိုင်းကုန်းကို ရောက်တဲ့အခါကျတော့ စစ်တပ်ကပြောတဲ့ဟာကို မယုံကြည်တဲ့အခါကျတော့ အလောင်းကို မသင်္ဂြိုဟ်ခင်လေးမှာ အလောင်းကို ထုတ်ထားတဲ့ဟာကိုဖွင့်ပြီးမှ ကြည့်ကြတာပေါ့နော်။ ကြည့်ပြီးတော့ ဓာတ်ပုံတွေဘာတွေ ရိုက်ထားလိုက်ကြတယ်။ အလောင်းအခြေ အနေကိုလည်း မိသားစုကိုကြည့်ခိုင်းတယ်။ အဲမှာ ဒူးခေါင်းအောက်ဘက်မှာ ကျည်ဆံထိမှန်နေတာ တွေ့ပါတယ်”
ရုပ်အလောင်းမှာ သေနတ်ကျည်ဒဏ်ရာတွေ တွေ့ရတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေတယ်လို့ အကြောင်းပြချက်ဟာ စစ်ကောင်စီက လိမ်ညာခြင်းသာဖြစ်တယ်လို့ အဲဒီမိသားစုဝင်က ပြောပါတယ်။
ရုပ်အလောင်းကို ဆေးရုံရင်ခွဲရုံမှာ သွားရောက်ထုတ်ယူဖို့ကြိုးစားချိန် အချိန်အတော်ကြာ စောင့်ခိုင်းထားပြီးမှ ထုတ်ပေးခဲ့တာဖြစ်ပြီး ချက်ချင်းသင်္ဂြိုဟ်ဖို့ စစ်သားတွေက ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
"အလောင်းကိုတောင် ရွာကိုသယ်ခွင့်မပြုဘူး။ ချက်ချင်းပဲ စစ်ဆေးရုံကနေ သင်္ချိုင်းကုန်းကို ချက်ချင်းသွားပြီးတော့မှ သင်္ဂြိုဟ်ရတာ"
ဇွန်လ ၂၃ ရက်နေ့ညက ပစ်ခတ်ခံရတဲ့နေရာအနီးမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးကလည်း အဲဒီနေ့ညက စစ်သားတွေက ကင်းပုန်းဝပ်နေခဲ့ကြပြီးနောက် ည ၉ နာရီလောက်မှာ လူငယ် နှစ်ဦး ပစ်ခတ်ခံခဲ့ရတာလို့ ပြောပါတယ်။
“ ၂၃ ရက်နေ့ညပေါ့နော် ၉ နာရီလောက်မှာ ဆိုင်ကယ်အသံကြားရတယ်။ ကြားရတဲ့ကြားကနေ တစ်ခါတည်း သေနတ်ပစ်သံလည်း လေးငါးချက်လောက် ထွက်လာတယ်။ အဲမှာတစ်ယောက် လဲကျသေဆုံးတာက ကျနော့်အိမ်ရှေ့တည့်တည့်မှာပဲ အဲလိုတွေဖြစ်သွားတာ။ ဘယ်သူ့လက်ချက် လဲဆိုတော့ စစ်သားတွေပေါ့နော်၊ တစ်ခါတစ်လေ သူတို့က ဒီဘက်ကို မော်တော်တွေနဲ့လာတယ်။ အဲဒီနေ့ကတော့ စောစောကတည်းက လူတွေမမြင်အောင် ကင်းပုန်းနေကြတာ”
ဆလိုင်းငွန်နိုင်ပိုင်ရဲ့ ရုပ်အလောင်းကိုတော့ အခင်းဖြစ်ခဲ့တဲ့ နောက်နေ့မနက်မှာ လမ်းဘေးမှာ တွေ့ရှိခဲ့ကြ တာလို့ ဆိုပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကလည်း စစ်တပ်က အရင်ကလည်း သူတို့ညှဉ်းပန်းနှိပ်စက်လို့ သေဆုံးခဲ့ သူတွေ ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတာလို့ အကြောင်းပြတာတွေရှိခဲ့တာကြောင့် အခုဒီဖြစ်ရပ်အပေါ် အကြောင်းပြချက်ဟာလည်း မထူးဆန်းဘူးလို့ ပြောပါတယ်။

အခုဒီကလေးမြို့ကဖြစ်ရပ်ဟာ အရပ်သားတွေအပေါ်မှာ စစ်တပ်ဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတယ် ဆိုတာကို ဖော်ပြနေတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကလည်း ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်း ဇအုပ်လိန်း(Sali Zaukling)က ပြောပါတယ်။
“စစ်တပ်ရဲ့ အဲလိုလုပ်ပုံလုပ်နည်းက မထူးဆန်းတော့ဘူး။ (ချင်းပြည်နယ်) ဟားခါးမှာလည်း ညှဉ်းပန်း နှိပ်စက်ပြီးတော့ သေသွားတဲ့သူနှစ်ယောက်ကို ကိုဗစ်ကြောင့်သေတယ်လို့ ပြောတာမျိုးတွေရှိခဲ့တယ်။ အခုလည်း ကိုဗစ်ကြောင့် သေတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်တဲ့ အခြေအနေမှာရှိနေတယ်။ ဆိုတော့ စစ်တပ်က အဲလိုမျိုးအကြောင်းပြချက်ကတော့ ခိုင်လုံမှုမရှိပါဘူး။ အဲလိုမျိုးအပြစ်မဲ့ပြည်သူတွေကို စစ်ဆေးတာမျိုးမရှိဘဲနဲ့ ဒီအတိုင်းပစ်လိုက်တာက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲဖြစ်တယ်”
စစ်တပ်က အရပ်သားတွေအပေါ်မှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့က မှတ်တမ်းတင်နေပြီး အစီရင်ခံစာ ထုတ်ပြန်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
ကလေးမြို့မှာ လူငယ်နှစ်ဦး ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၂၄ ရက် မနေ့အထိ သေဆုံးသူ ၈၈၀ နဲ့ ဖမ်းဆီးခံရသူ ၅၁၀၅ ဦးရှိနေပြီလို့ ဖော်ပြထားပါတယ်။