ခင်ဦးက ရွာတွေထဲ စစ်ကောင်စီတပ်တွေ ဝင်စီးနင်းလို့ ရွာသားနှစ်ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အောင်သာ၊ ကျွန်းလယ်နဲ့ မှန်တောရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက စက်တင်ဘာ ၂၆ ရက် ဒီကနေ့မနက် အစောပိုင်းလောက်ကစပြီး အိမ်စီးကား ငါးစီး၊ ဆိုင်ကယ် ၁၅ စီး တို့နဲ့ ရွာထဲဝင်ပစ်ခတ်ခဲ့လို့ ရွာသားနှစ်ယောက် သေဆုံးခဲ့ပါတယ်။
အသက် ၃၀ ဝန်းကျင်ရှိကြတဲ့ မှန်တောရွာသား ကိုစိုးမိုးအောင်နဲ့ ကိုမျိုးမြင့်အောင်တို့ နှစ်ယောက် သေဆုံးခဲ့ပြီး နောက်ထပ်နှစ်ယောက်ကလည်း ရွာကို ပြန်မရောက်လာကြသေးဘဲ ပျောက်ဆုံးနေတယ်လို့ အမည်မဖော်လို တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေ့လယ်ပိုင်း သူတို့အပြန်လမ်းမှာ ဒေသခံ PDF တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဖက်က ငါးယောက် ဒဏ်ရာရခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
"သူတို့အပြန်မှာ မိုင်းလေးလုံးကို နှစ်နေရာခွဲပြီး ဆွဲလိုက်တာ ဆိုင်ကယ်တစ်စီးကတော့ တော်တော် ပျက်စီးသွားတယ်။ ကားကလည်း နောက်ဘယ်ဘက်ခြမ်းရယ်၊ မှန်တွေ ကွဲကြေကုန်ကြတယ်။ ငါးယောက် ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ ခင်ဦးဆေးရုံမှာလို့ ကြားတယ်၊ နောက်လေးယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ရွှေဘိုကို ပို့လိုက်ရတယ်။ ဆိုင်ကယ်စီးတဲ့သူတွေပေါ့"
ရွှေဘိုခရိုင်ထဲက မြို့နယ်အလိုက် နောက်ထပ်ရွာတွေကိုလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စီမံချက်နဲ့ အင်အားတိုးကာ ဝင်ရောက်စီးနင်းမယ်လို့ သတင်းတွေကြားနေရတဲ့အတွက် လမ်းဘေးအနီးနားက ရွာပေါင်း ၂၀ လောက်က ရွာသားတွေလည်း ကြိုတင်ရှောင်ပုန်းနေကြရတယ်လို့လည်း သိရပါတယ်။
ကြာပင်အိုင်၊ ညောင်ပင်ကြီးစု၊ မှန်သာ၊ မှန်တော၊ ကျွန်းလယ်၊ ကျွန်းဆွယ်၊ မုန်တောတောင်၊ မူးသာ၊ ပက်ပေး၊ ကြီးအိုင်၊ ဒန်းကုန်း စတဲ့ ရွာပေါင်း ၂၀ က ရွာသားစုစုပေါင်း နှစ်ထောင်နီးပါးလောက် ရှောင်ပြေးနေကြပြီလို့ ပြောပါတယ်။