မိုးဗြဲတိုက်ပွဲ PDF တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရ
2021.06.04
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ ဒီကနေ့ နေ့လယ် ၃ နာရီကနေစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး PDF တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က မိုးဗြဲမြို့ ဒိုးဒူးထန်ရပ်ကွက်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် တွေကို လာရောက်တိုက်ခိုက်ရင်း တိုက်ပွဲဖြစ်တာလို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က လူနေရပ်ကွက်တွေဘက်ကိုပါ ပစ်ခတ်တာတွေရှိပြီး ညနေ ၅ နာရီလောက်မှာတော့ တိုက်ပွဲလခေတ္တငြိမ်နေတယ်လို့လည်းဆိုပါတယ်။
မိုးဗြဲမြို့ဟာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းမှာ ပါဝင်တာဖြစ်ပြီး ကယားပြည်နယ် ဘီလူးချောင်း ဘေးမှာ တည်ရှိတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့က မိုးဗြဲရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ပြီးနောက် ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရဆဲဖြစ်သလို မြို့တွင်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။
မိုးဗြဲမှာ ရဲစခန်းအပါအဝင် နေရာအချို့မှာ စစ်ကောင်စီဘက်က စစ်အင်အားတွေ ထပ်တိုးထားတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။