မိုးဗြဲတိုက်ပွဲမှာ လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သားနှစ်ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အထွက် သရက်တောထဲမှာ အောက်တိုဘာလ ၂၉ ရက် ဒီနေ့မနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်တွေ မိုးဗြဲမြို့နယ်ဘက်ကို ထိုးစစ်ဆင်လာချိန် မြို့အဝင်မှာ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အဓိကသုံးပြီး ပစ်ခတ်ခဲ့တာကြောင့် မြို့အထွက် သရက်တောအနားမှာ တောင်ယာလုပ်နေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကတော့ ဦးခေါင်းနဲ့ ဝမ်းဗိုက်မှာ လက်နက်ကြီး ကျည် ထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေဟာ လူနေရပ်ကွက်တွေနဲ့ လယ်ကွင်းတွေဘက်ကို လက်နက်ကြီး အလုံး ၂၀ ကျော် ပစ်ခတ်ခဲ့တယ်လို့လည်း မိုးဗြဲဒေသခံတွေက ပြောပါတယ်။
သေဆုံးသူနှစ်ဦးနဲ့ ဒဏ်ရာရသူတွေကို မိုးဗြဲလူမှုကူညီရေးအဖွဲ့က ကူညီပေးနေတယ်လို့ လိုက်ပါကူညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
မိုးဗြဲ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးကတော့ မြို့အဝင်မှာ ကင်းထောက်နေတဲ့ သူတို့အဖွဲ့နဲ့ ပြည်သူလူထုကို စစ်ကောင်စီဘက်က မှားယွင်းပြီးပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး ဒီနေ့ညနေပိုင်းမှာတော့ အခြေအနေတွေ ပြန်လည်ငြိမ်သက်နေပေမယ့် ဒေသခံတွေကတော့ နေအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးနေကြရတယ်လို့ မိုးဗြဲဒေသခံတွေက ပြောပါတယ်။