ဘီးလင်းမြို့ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တိုက်ပွဲ ကလေးငယ်နှစ်ဦး သေဆုံး
2022.03.30

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ရန်ကုန် - မော်လမြိုင် ကားလမ်းမပေါ် ရွှေရောင်ပြရွာအနားမှာ မတ်လ ၂၉ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့အချို့ကြား တိုက်ပွဲဖြစ်ပွားတာ ကြောင့် အသက် ၆ နှစ်နဲ့ ၉ နှစ် အရွယ် ကလေးနှစ်ဦး ကျည်ဆန်ထိမှန် သေဆုံးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ကလေးတွေဟာ ခရီးသွားမိသားစုတစ်စုမှာပါဝင်တဲ့ အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနဲ့ အသက် ၉ နှစ်အရွယ် မောင်ညီညီဇော်ထက်တို့ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘီးလင်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"အဲဒီ ကလေးနှစ်ယောက်ကတော့ သူတို့နေရပ်ဇာတိက သထုံမြို့နယ် မြေနီကုန်း၊ ဇရစ်ချောင် ကျေးရွာကနေ အလုပ်ကိစ္စတစ်ခုနဲ့ သူ့မိဘတွေနဲ့အတူ ဘီးလင်းဘက်ကို သုံးဘီးနဲ့ ထွက်လာ ရင်းနဲ့ ခရီးက အပြန်မှာ စစ်ကားတန်း ထွက်လာတာနဲ့ တိုးပြီးတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကလေးတွေက ကြားထဲမှာ ညပ်မိသွားတဲ့ အနေအထား မျိုးပေါ့။ ဟိုဘက်ဒီဘက် အပြန်အလှန် ပစ်တဲ့အချိန်မှာ ထိကုန်ကြတာ။ ကလေးတစ်ယောက်က အခင်းဖြစ်တဲ့ နေရာမှာတင် ဆုံးတယ်။ နောက်တစ်ယောက်က ဆေးရုံမှာ ဆုံးတယ်"
ဘယ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့သလဲဆိုတာတော့ တိတိကျကျမသိရသေးဘဲ တိုက်ပွဲစဖြစ်တဲ့အချိန် ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းပေါ် ကားတွေ အကုန်ပိတ်ဆို့သွားပြီးနောက် အခုလို ထိခိုက်မိကြတာလို့ ဆိုပါတယ်။
ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ကျည်ဆန် တိုက်ရိုက်မှန်တာမဟုတ်ဘဲ မိုင်း ဒါမှမဟုတ် လက်နက်ကြီးထိတဲ့ အနေအထားဖြစ်ပြီး ကလေးတွေမှာလည်း ဗိုက်ပွင့်တာနဲ့ လက်မောင်းပွင့် နေတာတွေ တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူက RFA ကို ပြောပြပါတယ်။
"ဖြစ်စဉ်မှာ အားလုံးသုံးယောက်ထိတယ်။ နှစ်ယောက်ကတော့ သေတယ်။ ဒဏ်ရာရတဲ့ အမျိုးသား တစ်ယောက် ကတော့ ဘုရားဖူး ကားတန်းတွေ ရပ်ထားတဲ့အချိန်မှာ ဒိုက်ဦး ဘက်ကနေ ပြန်လာပြီး ရွှေရောင်ပြမှာ တိုက်ပွဲတွေ ဖြစ်နေလို့ စောင့်နေတုန်း ကားဘေး တံခါးကို ဖောက်ပြီးတော့ ကျည်က မှန်တာ။ တိုက်ပွဲကတော့ အဲဒီနေရာမှာ မကြာခဏ ဖြစ်တယ်။ KNU ထိန်းချုပ်တဲ့ နယ်မြေတွေပေါ့။ ဘယ်အဖွဲ့နဲ့ ဖြစ်လဲတော့ မသိဘူး။ KNU ရော၊ စစ်တပ်ရောရှိတယ်"
ကျည်ဆန်ထိမှန်တဲ့ အမျိုးသားကတော့ ကျည်ဆန်ကို ဖောက်ထုတ်လိုက်ပြီးနောက် အသက် အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ မောင်ကြယ်စင်မင်းနဲ့ မောင်ညီညီဇော်ထက်တို့ကို ဒီနေ့ မွန်းလွဲပိုင်းမှာ သူတို့နေထိုင်တဲ့ သထုံမြို့နယ်က မြေနီကုန်းရွာ သုသာန်မှာ မိဘတွေက သင်္ဂြိုဟ်ပေး ခဲ့တယ်လို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ဝန်ကြီးဌာနက မတ်လ ၇ ရက် နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးတဲ့အချိန်ကနေ ဒီနှစ် မတ်လ ၁ ရက်နေ့အထိ ကလေးသူငယ် ၁၁၀ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ မတ်လ ၂၁ ရက်နေ့ လူ့အခွင့် အရေး ကောင်စီမှာ တင်သွင်းတဲ့ အစီရင်ခံစာထဲမှာလည်း ကလေးသူငယ် ၁၀၀ ထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ပျောက်ဆုံး နေတယ်လို့ ဖော်ပြပါရှိပါတယ်။