ချင်းလူမျိုးတို့ရဲ့ တူမီးတော်လှန်ရေး
2021.06.02
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နိုင်ငံလုံး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့သလို၊ ချင်းပြည်နယ်အတွင်း မြို့နယ်တွေ၊ ကျေးရွာတွေအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အဆက်မပြတ် ပေါ်ပေါက်ခဲ့ပါတယ်။
ဆန္ဒပြလူထုကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့၊ ဆန္ဒပြလူငယ်ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီးတဲ့နောက်၊ လူမဲ့သပိတ်လို ပုံစံမျိုးစုံနဲ့ စစ်အာဏာရှင်ကို ငြိမ်းငြိမ်းချမ်းချမ်း ဆန့်ကျင်ခဲ့ကြပေမယ့်၊ စစ်ကောင်စီဘက်က အကြမ်းဖက်တာတွေကတော့ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
စစ်အာဏာရှင်ကို တော်လှန်ရာမှာ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြစ်နိုင်တော့ဘူးဆိုတာ ချင်း တိုင်းရင်းသားတွေ သိမြင်လာခဲ့ကြပြီးတဲ့နောက်၊ Chinland Defense Force ဆိုတဲ့ ချင်းနယ်မြေ ခုခံကာကွယ်ရေးအဖွဲ့ကို ချင်းပြည်နယ်အတွင်း မြို့နယ် ကိုးမြို့နယ်နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်း တိုင်းရင်းသားတွေ၊ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ က ဖွဲ့စည်းလိုက်ကြပါတယ်။
အဲဒီအဖွဲ့ ဖွဲ့ပြီးတဲ့နောက်မှာတော့ ချင်းတိုင်းရင်းသားတွေဟာ တူမီးသေနတ်တွေနဲ့ စစ်ကောင်စီကို စတင်တော်လှန်ခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ ချင်းတိုင်းရင်းသားတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ ချင်းတောင်ကတော့ ဟိုးကတည်းက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဥပဒေသတွေ ရှိတယ်။ တိုက်သူကြီးတွေ ရှိတယ် ။ပြီးရင် ကျွန်တော်တို့ ကျင့်သုံးတဲ့ ရိုးရာဓလေ့တွေ စည်းမျည်း၊ စည်းကမ်း တွေရှိတယ်။ ခိုင်ကမ်းဥပဒေလိုဟာမျိုးတွေ ရှိတယ်။ မြေက ကိုယ်ပိုင်မြေ။ လူမျိုးက ကိုယ်ပိုင်လူမျိုး ဖြစ်တယ်။ အဲဒီတော့ ကျူးကျော်မခံတဲ့ သဘောမျိုး ဖြစ်လာတယ်။ ဒီတခေါက်က။ လူကို လာထိတယ်။ မြေကို လာကျူးကျော်တယ်ဆိုတဲ့ စိတ်က ကျွန်တော်တို့ လူမျိုးတွေမှာ ရှိလာတဲ့အခါကျတော့ မခံမရပ်နိုင် ဖြစ်လာတာ။ စစ်လုံးဝမဖြစ်တဲ့ကာလမှာလည်း ကျွန်တော်တို့ ရိုးရာဓလေ့ အမဲလိုက်တဲ့နေရာမှာ ကျွန်တော် တို့ သုံးကြတာပေါ့။ ကျွန်တော်တို့ ရိုးရာအက ကကြတဲ့အခါမှာလည်း တူမီးသေနတ်နဲ့ ဓားတွေလွယ်ပြီး အောက်ချင်းငှက်အက ကကြတာ ရှိပါတယ်။"
ဧပြီ ၂၄ ရက်နေ့က မင်းတပ်မြို့မှာ လူငယ် ခုနစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ရာက၊ မင်းတပ်ဒေသ ကာကွယ်ရေးအဖွဲ့ CDF က တူမီးသေနတ်တွေနဲ့ ခုခံတိုက်ခိုက်ကြရင်း ဧပြီ ၂၈ ရက်နေ့အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ ပါတယ်။ အဲဒီနောက် မေလ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တိုက်ပွဲတွေ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာ၊ မြေပြင်ကနေ အမြှောက်လက်နက်ကြီးတွေ အသုံးပြုပြီး အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀ ကနေ ၁၀၀ ကြား သေဆုံးပြီး၊ စစ်ကား ၁၀ စီး ထက်မနည်း မီးရှို့ တိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ CDF မင်းတပ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"လွတ်လွတ်လပ်လပ် ရွေးကောက်ပွဲ လုပ်ထားလျက်သားနဲ့ ကိုဗစ်ကာလ၊ လူတွေ တော်တော်ရုန်းကန်နေရတဲ့ကာလမှာ ဒီလို အာဏာသိမ်းတယ်ဆိုတော့ လူတွေရဲ့စိတ်က တော်တော် ဒေါသထွက်နေပြီ၊ ပေါက်ကွဲနေပြီ"
ချင်းပြည်နယ်မှာ ပထမ ကမ္ဘာစစ်ခေတ်ကတည်းက သုံးစွဲခဲ့တဲ့ တူမီးသေနတ်တွေဟာ အခုချိန်အထိ အသုံးဝင်နေတုန်းပဲလို့ CDF မင်းတပ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"စစ်အာဏာရှင်ကို မုန်းတီးတဲ့စိတ်က ကျွန်တော်တို့ မွေးကတည်းက ပါလာပြီးသား။ အခုလို လွတ်လပ်တဲ့ ဒီမိုကရေစီခေတ်ရောက်ပြီ။ လွတ်လွတ်လပ်လပ် ရွေးကောက်ပွဲ လုပ်ထားလျက်သားနဲ့ ကိုဗစ်ကာလနဲ့ လူတွေ တော်တော်ရုန်းကန်နေရတဲ့ကာလမှာ ဒီလို အာဏာသိမ်းတယ်ဆိုတော့ လူတွေရဲ့စိတ်က တော်တော်ဒေါသ ထွက်နေပြီ၊ ပေါက်ကွဲနေပြီဆိုတော့။ အောက်ပြည်အောက်ရွာမှာ ပစ်တယ်၊ ခတ်တယ် သတင်းကြားတော့ ကျွန်တော်တို့ CDF မင်းတပ် ကလည်း လက်နက်တွေ ရသလောက် စုဆောင်း ထားတော့တာ။ အဲဒီလိုဆိုတော့ တူမီး၊ တူးမောင်တွေကို အစကတည်းက စုထားပြီးသား။ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြကြတယ်။ သူတို့ဘက်က အကြမ်းဖက်လာတယ်။ ဖမ်းတာဆီးတာမျိုး လုပ်ရင်တော့ ကိုယ်တွေကလည်း ပစ်မှာပဲဆိုတဲ့ စိတ်က ရှိပြီးသား။ အောက်ပြည်အောက်ရွာမှာ လောက်လေးခွတို့၊ ဘာတို့နဲ့ ပြန်တော်လှန်နေကြတာဆိုတော့ တူမီးကိုင်ထားတဲ့ ကျွန်တော်တို့ကတော့ ပစ်တာခတ်တာကို ငြိမ်နေပြီးတော့ အကြမ်းမဖက် ဆန္ဒပြတာမျိုး မလုပ်တော့ဘူး။ ချင်းပြည်နယ်က လူငယ်တွေ အိမ်တိုင်းအိမ်တိုင်းနီးပါးမှာ တူမီးသေနတ်တွေ ရှိတယ်။ ရှေးသေနတ်တွေမှာ တချို့ သေနတ်တွေ ဆိုရင် ဒုတိယကမ္ဘာစစ်၊ ပထမကမ္ဘာစစ်တွေမှာ သုံးထားတဲ့သေနတ်တချို့တောင် ပါပါတယ်။"
ချင်းတိုင်းရင်းသားတွေရဲ့ အိမ်တိုင်းလိုလိုမှာ ရှိကြတဲ့ တူမီးသေနတ်တွေကို ချင်းပြည်နယ် အက်ဥပဒေအရ တရားဝင်လိုင်စင်နဲ့ကိုင်ဆောင်တာရှိသလို၊ လိုင်စင်မဲ့ ကိုင်ဆောင်သူတွေလည်း ရှိပါတယ်။

ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း ချင်းပြည်နယ်ကို ဝင်ရောက်လာတဲ့ ဗြိတိသျှတပ်တွေကို ဇုန်ထောက်လို့ ခေါ်တဲ့ မီးခတ် တူမီး ချင်းသေနတ်တွေကို သုံးပြီး ခုခံတော်လှန်ခဲ့တာ ရှားလှမ် ခံတပ်နဲ့ မြေနီတောင်ခံတပ်တိုက်ပွဲတွေက သက်သေဖြစ်ပါတယ်။
ကိုလိုနီခေတ်မှာ ဗြိတိသျှအစိုးရက ချင်းတိုက်နယ်သူကြီးတွေကို တူမီးသေနတ် အသုံးပြုဖို့ပေးအပ်ခဲ့ရာကနေ၊ နောက်ပိုင်း အဲဒီသေနတ်ရဲ့ ပုံစံတူလုပ်ပြီး၊ ချင်းလူမျိုးတိုင်းနီးပါး အမဲလိုက်ဖို့ တူမီးသေနတ်ကို ကိုင်ဆောင်လာခဲ့ကြောင်း ရှေးလူကြီးတွေက ပြောဆိုပါတယ်။
အရင်ကတော့ တူမီးသေနတ်အတွက် ယမ်းကို တိရစ္ဆာန်အညစ်အကြေးတွေ၊ အဆိပ်ရှိတဲ့ သစ်ရွက်တွေ ကနေ ချက်လုပ်ခဲ့ကြပေမယ့်၊ အခုနောက်ပိုင်းမှာတော့ ခဲနဲ့ယမ်းတွေကို အလွယ်တကူ ဝယ်ယူနိုင်နေပါပြီ။
"တောထဲမှာ ပြေးလွားနေတဲ့ သားကောင်တောင် မှန်အောင်ပစ်တာ။ စကစ တပ်သားအားလုံးကို ဂျီတို့၊ တောဝက်တို့လို သားကောင်ပစ်သလို ပစ်တာ"
ဟားခါးမြို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဟာ အများစုက အမဲလိုက်မုဆိုးတွေဖြစ်ကြပြီး၊ မောင်းပြန်သေနတ် တွေလို ခေတ်မီလက်နက်တွေ ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်နေကြတာလို့ မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ရွာနီးချုပ်စပ်က ရွာပေါင်း ၄၀၊ ၅၀၊ ၆၀ လောက်က တစ်ရွာကို အယောက် ၂၀ စီလောက် ထွက်လာကြတယ်။ ထွက်လာတဲ့သူတွေက မုဆိုးတွေပဲ။ စစ်သင်တန်းတွေ မလိုဘူး။ ဒီတော၊ ဒီတောင်တွေကို သွားနိုင်လာနိုင်တယ်။ သူတို့က ရှင်းတယ်။ သေနတ်သံကြားတဲ့နေရာ တိုက်ခိုက်မှု ဖြစ်တဲ့နေရာ သူတို့သွားတယ်။ ယူနီဖောင်း ဝတ်ထားသူမှန်သမျှ သူတို့ပစ်တယ်။ ဒီမှာ ပစ်ဖို့ခတ်ဖို့ သွားဖို့လာဖို့ အထူးတလည် သင်ပေးစရာမလိုဘူး။ တောထဲမှာ ပြေးလွားနေတဲ့ သားကောင်တောင် မှန်အောင်ပစ်တာ။ စကစ တပ်သားအားလုံးကို ဂျီတို့၊ တောဝက်တို့လို သားကောင်ပစ်သလို ပစ်တာ။ ပြီးတော့ ကျွန်တော်တို့က စနစ်တကျ ဗျူဟာနဲ့ တိုက်တာမဟုတ်ဘူး။ ရှိသမျှလူတွေနဲ့ တွေတဲ့နေရာမှာ တိုက်တာပဲ ဆိုတော့ အခုနလိုပေါ့။ ရွာတိုင်း၊ ရွာတိုင်းကနေ အယောက် ၂၀ ကျော်လောက် ထွက်လာ တယ်၊ ပစ်တယ်။ ရောက်တဲ့နေရာမှာ ပစ်တယ်။ ဘယ်သူကမှ လာပါ၊ စုပါ၊ တပ်ဖွဲ့ပါ၊ ချီတက်၊ နောက်ဆုတ် မဟုတ်ဘူး။ အကုန်လုံးက သွားတယ်။ တိုးတယ်။ မရမက ပစ်ဖို့လာကြတာဆိုတော့ ရှေ့ကို တိုးတိုးပြီးတော့ မရမက ပစ်ကြတယ်။ စနစ်တော့မကျဘူး။ ဒါပေမဲ့ အလုပ်တော့ဖြစ်တယ်။ ကျွန်တော်တို့က တစ်ချက်ပဲ ပစ်လို့ ရတယ်။ နောက်တစ်ချက် ပြန်ပစ်အောင်လုပ်ဖို့ ခဲယမ်း ဘာညာပြန်ထည့်ဖို့ကြတော့ တော်တော် ကြာတယ် ဆိုတော့ ကျွန်တော်တို့က တစ်ချက်ပစ်ဖို့ ကျတော့ အသေအချာ ချိန်ပြီးမှ ထိအောင်ပစ်တယ်။ ရမ်းသန်းပြီးတော့မှ ကျည်ဖြုန်းလို့မရဘူး။ အချိန်ယူပြီးတော့မှ ပစ်တယ်။"
စစ်ကိုင်းတိုင်း ကလေးမြို့၊ ချင်း တိုင်းရင်းသားတွေ အများစုနေတဲ့ တာဟန်းရပ်ကွက်မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး တူမီးသေနတ် ကိုင်တော်လှန်မှုဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်နဲ့ မြောက်ပိုင်း ဟားခါး၊ တီးတိန်မြို့တွေအထိ ပျံ့နှံ့လာပြီဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ချင်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ CNF ချင်းအမျိုးသား တပ်ဦးကလည်း စစ်ကောင်စီ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာကြပြီဖြစ်ပါတယ်။