အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်
2013.10.08
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဘာသာလူမျိုးအခြေခံ အကြမ်းဖက် ပဋိပက္ခတွေကြောင့် တိုးတက် ဖွံ့ဖြိုးစပြုလာနေတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နိုင်ဖွယ်ရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှာ ထင်ရှားတဲ့ ငပလီကမ်းခြေအနီးမှာ ဖြစ်ပွားခဲ့တာပါ။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံသားတွေကို သတိပေးထားရာမှာ ငပလီမှာ အခုထိလုံခြုံမှုရှိတယ် ဆိုနိုင်ပေမဲ့၊ ခရီးသွားတွေအနေနဲ့ ဒေသဆိုင်ရာ အခြေအနေတွေကို အမြဲသတိပြုနေကြဖို့၊ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီတွေနဲ့ အမြဲထိတွေ့နေဖို့ ကြေညာထားပါတယ်။
ငပလီကမ်းခြေအနီး သံတွဲမြို့ မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီ အထိ ညမထွက်ရ အမိန့် ထုတ်ထားပါတယ်။
မြန်မာခရီးသွားလုပ်ငန်း ကုမ္ပဏီတွေအနေနဲ့လည်း လက်ရှိအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
အခုအခါ ခရီးသွားရာသီစတင်ပြီမို့ အရေးကြီးတဲ့ အချိန်ရောက်လာပြီလို့ ကုမ္ပဏီတစ်ခုက ပြောပါတယ်။
မြန်မာနိုင်ငံအကြောင်း လေ့လာသူ သြစတေးလျ စီးပွားရေးပညာရှင် ဒေါက်တာ Sean Turnell ကလည်း လတ်တလောအနေနဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ပြည်ပခရီးသွားဦးရေ ရုတ်တရက် ချက်ခြင်းမကျဆင်းနိုင်ပေမဲ့၊ ရေရှည်မှာတော့ ပြဿနာကြီးတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ ပြီးတော့ ကမ်းခြေတွေဟာ ဝေးလံတဲ့နေရာတွေမှာရှိတာမို့ တစ်စုံတခုဖြစ်ခဲ့ရင် အန္တရာယ်အရှိဆုံးနေရာတွေ ဖြစ်သွားနိုင်ကြောင်း သတိပေးပြောဆိုပါတယ်။