မုံရွာမြို့ပေါ် မီးပွိုင့်မှာ ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

2021.09.22
မုံရွာမြို့ပေါ် မီးပွိုင့်မှာ ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ မုံရွာမြို့ကို ၂၀၂၁ ဧပြီ ၁၄ ရက်နေ့က တွေ့ရစဥ်
Photo: CJ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်ထောင်စုလမ်းနဲ့ မြို့ပတ်လမ်းက ကားလေးကွင်း မီးပွိုင့်အနီးမှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲတစ်ဦး စက်တင်ဘာလ ၂၂ ရက် ဒီနေ့မနက်ပိုင်း သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
 
“ယာဉ်ထိန်းကတော့ သေသွားတယ်လို့ကြားတယ် နာမည်တော့မသိဘူး၊ အခု တစ်မြို့လုံးလည်း အစစ်ဆေးတွေကြမ်းနေတယ်၊ အပစ်ခံရတဲ့နားက လမ်းသွားလမ်းလာတစ်ဦးကိုတော့ ဖမ်းထားတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
 
ပစ်ခတ်မှုဖြစ်ပြီး မကြာခင်မှာပဲ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အနီးအနား ပတ်ဝန်းကျင်ကို ပစ်ခတ်တာနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်နေတယ်လို့ မုံရွာမြို့ခံက ဆိုပါတယ်။
 
မုံရွာမြို့ပြပြောက်ကျားရဲဘော်များအဖွဲ့ကတော့ ယာဉ်ထိန်းရဲကို ပစ်ခတ်တဲ့ကိစ္စဟာ သူတို့အဖွဲ့က လုပ်ဆောင် ခဲ့တာဖြစ်ပြီး စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုန်းရေးနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း စဉ်တွေ ဆက်လုပ်သွားမယ်လို့ ဒီကနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
 
ယာဉ်ထိန်းရဲ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲ အခုလိုအပစ်ခံရပြီး သေဆုံးတာဟာ မုံရွာမြို့မှာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။