တောင်ကုတ်မြို့ နေရာခြောက်ခုမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

RFA Burmese
2024.11.11
တောင်ကုတ်မြို့ နေရာခြောက်ခုမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် မဲတောင်ဗျူဟာအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်အပြီး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Telegram/ AA Info Desk

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်နဲ့ အနီးဝန်းကျင်က နေရာခြောက်ခုမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက် မနေ့ကတော့ တောင်ကုတ်မြို့ထဲက ကိုင်းရှည်တံတားအနီးမှာ တိုက်ပွဲဖြစ်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ တစ်နေ့လုံး ကြားနေရပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်နေလို့ ဆိုပါတယ်။

AA က တောင်ကုတ်မြို့အနီး ပန်းမြောက်တောင် အမြောက်တပ်စခန်း၊ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ (၅၄၄)၊ ခမရ (၃၄၆) တို့ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ဒီအပြင် စစ်ကောင်စီတပ်စွဲထားတဲ့ တောင်ကုတ်တက္ကသိုလ်နဲ့ ဆီးကိုင်းတောင်အနီးမှာလည်း တိုက်ပွဲဖြစ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ အရပ်သားတွေ ထိခိုက်မှုရှိလာမှာ စိုးရိမ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကုတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲတွေဆက်ဖြစ်နေတာ။ ညဘက်လည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်သံကြားရတယ်။ ထွက်ပြေးဖို့ အဆင်မပြေတဲ့ မြို့ပေါ်ကဒေသခံတွေ ထိခိုက်မှုတွေရှိလာမှာ စိုးရမ်တယ်။ အသိမိတ်ဆွေလည်းမရှိ၊ ထွက်ပြေးဖို့ ငွေလည်းမရှိလို့ မြို့ပေါ်မှာ ကျန်နေခဲ့သူတွေပါ”

တိုက်ပွဲမဖြစ်ခင် နိုဝင်ဘာလ ပထမအပတ်ထဲက တောင်ကုတ်မြို့ပေါ်က စစ်ကောင်စီရဲ့ ရုံး၊ ဌာနဆိုင်ရာတွေ ပိတ်ထားပြီး ရဲစခန်းတစ်ခုပဲ ဖွင့်ထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် တောင်ကုတ်မြို့ပေါ်က ဒေသခံ နှစ်သောင်းခန့်ဟာ ရမ်းဗြဲ၊ ကျောက်နီမော်နဲ့ ပဲခူးတိုင်းဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးကြသလို AA ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်ထဲက မအီမြို့ဘက်ကိုလည်း ထွက်ပြေးကြတယ်လို့ ဆိုပါတယ်။

တောင်ကုတ်မြို့က တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်ထဲမှာ နောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိရာ အမ်းမြို့၊ တောင်ကုတ်နဲ့ မောင်တောမြို့တွေမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။