ပြင်သစ် Total ရေနံကုမ္ပဏီ စစ်ကောင်စီကို အခွန်ပေးသွင်းလို့ ဝေဖန်ခံရ

ရေနံထုတ်လုပ်တဲ့ ပြင်သစ်နိုင်ငံအခြေစိုက် Total ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ သူတို့ရဲ့လုပ်ငန်းတွေ ဆက်လက် လည်ပတ်နေပြီး စစ်ကောင်စီကို အခွန်ဆောင်နေတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။
သွေးစွန်းငွေ လှုပ်ရှားမှုလို့ခေါ်တဲ့ Blood Money Campaign ကနေ Total နဲ့ သူ့ရဲ့လက်ခွဲ ကန်ထရိုက် ယူထားတဲ့ ကုမ္ပဏီတွေက အလုပ်သမားတွေရဲ့သဘောထားကို မေးမြန်းပြီး နိုဝင်ဘာလအတွင်း အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
Total အနေနဲ့ အလုပ်သမားတွေ အဓမ္မ အလုပ်ခိုင်းစေခြင်းကနေ ကာကွယ်ဖို့နဲ့ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု ကို ထိန်းထားနိုင်ဖို့ မြန်မာနိုင်ငံမှာ ဓာတ်ငွေ့ဆက်လက်ထုတ်လုပ်ပြီး စစ်အစိုးရကို အခွန် ဆက်လက်ပေးသွင်း နေဦးမယ်လို့ ကုမ္ပဏီအမှုဆောင် အရာရှိချုပ် Patrick Pouyanne က Le Journal du Dimanche သတင်းစာ မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ရေးသားခဲ့ပါတယ်။
အခုထွက်ရှိလာတဲ့ အစီရင်ခံစာမှာတော့ အလုပ်သမားတွေက သူတို့ရဲ့လုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီကို Total ကုမ္ပဏီက ငွေပေးချေမှုကို ဆက်လက်ဆောင်ရွက်နေတယ်ဆိုတာဟာ လျှော်ကန်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလို့ ဝေဖန်ထားပါတယ်။
သူတို့အနေနဲ့ လျှပ်စစ်ထုတ်လုပ်ခြင်းနဲ့ အသုံးပြုဖို့ရာမှာ စစ်ကောင်စီကို ငွေပေးချေနေတာမျိုးကို မလိုလားဘူး လို့လည်း ပြောဆိုကြတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရကလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချနေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ စစ်ကောင်စီကို အခွန်ပေးဆောင်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
Total ဟာ မြန်မာနိုင်ငံမှာ ၁၉၉၂ ခုနှစ်ကတည်းက ရှိနေတာဖြစ်ပြီး အလုပ်သမား ၂၅၀ ခန့်ကို အလုပ် ပေးထားတဲ့ ရေနံကုမ္ပဏီကြီး ဖြစ်ပါတယ်။