ပစ်ခတ်မှုရပ်စဲရေး တအာင်းပလောင်ပါတီ ကြားဝင်ညှိနှိုင်းပေးချင်
2016.06.24

ရှမ်းပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် တအာင်း ပလောင်ပါတီက ကြားဝင်ညှိုနှိုင်းပေးဖို့ဆန္ဒရှိကြောင်း တအာင်းပလောင် ပါတီခေါင်းဆောင်က ပြောပါတယ်။
လားရှိုးမြို့ သာသနာ ၂၅ဝဝ ဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ တအာန်းလူမျိုးတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်တဲ့အနေနဲ့ RCCSS အဖွဲနဲ့ TNLA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကို ကြားဝင် ညှိုနှိုင်းပေးချင်တာဖြစ်တယ်လို့ တအာင်းပလောင်ပါတီ အတွင်းရေးမှူး မိုင်းဝင်းထူးက ပြောပါတယ်။
"တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခနဲ့ပတ်သက်ပြီးတော့မှ တရားဝင် ကျနော်တို့ ညှိနှိုင်းဆွေးနွေးချင် တယ်၊ တရားဝင်စေ့စပ်ပေးတာမျိုးတွေ လုပ်ချင်တယ်၊ ဆိုလိုချင်တာက TNLA နဲ့လည်း တွေ့ပြီးတော့မှ RCSS နဲ့လည်း တွေ့ပြီးတော့မှ ညှိနှိုင်းစေ့စပ်တာမျိုး ကျနော်တို့ လုပ်ချင်တယ်၊ ဆိုတော့ အဲ့ဒါကို တရားဝင်ညှိနှိုင်းဆွေးနွေးခွင့် ရရှိမယ်ဆိုရင် ကျနော်တို့ လုပ်ချင်တယ်၊ ပြောချင်တာကတော့ ကျနော်တို့ အဲ့လိုဆွေးနွေးတဲ့အခါမှာ ၁၇(၁) ကို ကျနော်တို့အပေါ်မှာ ဆိုးကျိုးမသက်ရောက်ဖို့ အဲ့ဒါမျိုးလေးတွေဖြစ် ဖို့အတွက် ကျနော်တို့ ဆန္ဒရှိပါတယ်၊ လုပ်ချင်တယ်ဆိုတဲ့ဥစ္စာကို ကျနော်တို့ ရလဒ်တစ်ခုအနေနဲ့ ကျနော်တို့ ရခဲ့ပါတယ်"
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပတဲ့အခါမှာ တအာင်းလူထုကို ကိုယ်စားပြုတဲ့ အသံတွေကို တင်ပြဆွေးနွေးနိုင် ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ တအာင်းပါတီဝင်တွေ၊ တအာင်းအရပ်ဘက်လူမှု အဖွဲ့အစည်းတွေက မနေ့ကစပြီး နှစ်ရက်တာဆွေးနွေးခဲ့ကြတာပါ။
ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား ဒေသခံတွေစစ်ဘေးဒဏ်ခံနေရတဲ့အတွက် တိုက်ပွဲတွေ ချက်ချင်း ရပ်တန့်ပေးဖို့လည်း တောင်းဆိုကြပါတယ်။