နမ့်ခမ်းဈေးမှာ အခွန်မကောက်ဖို့ TNLA ကို ဈေးသူဈေးသားတွေ ဆန္ဒပြ

2021.12.14
နမ့်ခမ်းဈေးမှာ အခွန်မကောက်ဖို့ TNLA ကို ဈေးသူဈေးသားတွေ ဆန္ဒပြ ၂ဝ၁၄ ခုနှစ်က ရှမ်းပြည်နယ် မိုင်တုံရွာအနီးတွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်တချို့။
Photo: AFP

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က နမ့်ခမ်းမြို့မဈေးအတွင်းက ဆိုင်တွေကို အခွန်ငွေကောက်နေတာကို မကျေနပ်လို့ ဈေးသူဈေးသားတွေဟာ ဆိုင်မဖွင့်ဘဲ ဆန္ဒပြနေကြပါတယ်။

အရင်နှစ်တွေက နမ့်ခမ်းမြို့က လုပ်ငန်းရှင်ကြီးတွေ၊ ကုန်မာဆိုင်တွေ၊ ဆီဆိုင်တွေလောက်ကိုပဲ ငွေကောက်ခံတာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ TNLA တပ်ဖွဲ့ဝင် နှစ်ဦးက နမ့်ခမ်းမြို့မဈေးထဲအထိ ရောက်လာပြီး ဆိုင်ခန်းအလိုက် ငွေပေးဖို့တောင်းခံလာတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။ အခုလဆန်းကစပြီး ဆိုင်ခန်းတွေကို ငွေတောင်းခံတာဖြစ်ပြီး တောင်းတဲ့ငွေက များတာကြောင့် ကပ်ရောဂါကာလ စီးပွားရေးအဆင်မပြေတဲ့ ဆိုင်ရှင်တွေ အခက်အခဲဖြစ်လာလို့ အခုလို ဈေးပိတ်ပြီး တောင်းဆိုကြတာလို့ ဆိုပါတယ်။

"ဈေးကလဲ ပိတ်တာလဲ အကြာကြီးပဲနော့် နှစ်လသုံးလလောက်ရှိတယ်။ အခုမှဖွင့်ကာစ ဖွင့်ကာစလဲဈေးက မစည်။ နောက်ပြီး သူတို့တောင်းတဲ့ ကြေးကလဲ ခြောက်သိန်းတို့ အဲ့လိုမျိုး တောင်းကြတယ်။ ကိုယ်က ပြန်စစ်လိုက်ကျတော့ ငါးသိန်းဖြစ်တဲ့သူဖြစ်တယ်။ လေးသိန်းဖြစ်တဲ့သူ ဖြစ်တယ် သုံးသိန်းဖြစ်တဲ့သူ ဖြစ်တာပေါ့။ ဈေးကလည်း အရမ်းများတာပေါ့။ ရှင်းရှင်းပြောရမယ်ဆိုရင် တစ်လလုံး ရောင်းရတဲ့ငွေနဲ့ ပေးရတဲ့ ငွေနဲ့ တချို့ဆိုရင် အရင်းတောင်ပါတယ်။ ဈေးကလည်း အရမ်းအရောင်းပါးတယ်လေ။ အခုက။ များသောအားဖြင့်က တစ်နိုင်တစ်ပိုင်တွေပဲလေနော့်။ ဈေးထဲမှာဆို သိတဲ့အတိုင်းပဲ ရောင်းတဲ့ဟာနဲ့ တချို့ဈေးဆိုင်တွေတောင်မှ တစ်ဆိုင်လုံးပေါင်းမှ ဆယ်သိန်းလောက် ရှိမယ်။ ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ်အောက်တွေကြီးပဲပေါ့နော့်။ များသောအားဖြင့် ပေါ့နော့်။ နောက်ပြီးတော့ စစ်လို့လည်း မရဘူး။ ဥပမာ- သူများနှစ်ကုန်ဆို နည်းနည်းပါးပါးလေး ရောင်းလို့ရတယ်ဆို အနည်းဆုံး နှစ်သိန်းခွဲလောက်ဆောင်ရတာ။ အဲ့ဒါမျိုးတော့ မဖြစ်သင့်ဘူးပေါ့နော့်။ သူတို့ကောက်လို့ရရင် တစ်ဖွဲ့ တည်းမဟုတ်ဘူး။ ဒီမှာလည်း ကောက်လို့ရရင် အကုန်လုံးက လှိမ့်ပြီးဝင်လာကြမှာ အဲ့လိုမျိုးဆို လူထုအတွက်က စိုးရိမ်မှုရှိတာပေါ့နော့်"

အခုလို ဈေးပိတ်ပြီးဆန္ဒပြတာဟာ TNLA တပ်ဖွဲ့ကို ဆန့်ကျင်နေတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဈေးသူဈေးသားတွေရဲ့ အခက်အခဲကို သိစေချင်တဲ့ သဘောပဲလို့ သူကပြောပါတယ်။

နမ့်ခမ်းမြို့မဈေးထဲမှာ ဆိုင်ခန်းပေါင်း ၁၆၀၀ကျော်အထိရှိပြီး ကပ်ရောဂါကြောင့် ပိတ်ထားရာက ဈေးပြန်ဖွင့်ခွင့်ရတာ မကြာသေးပါဘူး။ TNLA တပ်ဖွဲ့ က ရောင်းချတဲ့ ပစ္စည်းအပေါ် မူတည်ပြီး ငွေကောက်နေတယ်၊ ငွေပေးဖို့ ချိန်းဆိုတဲ့နေရာကို မလာရင် ခြိမ်းခြောက်ခံရတဲ့အတွက် ဈေးသူဈေးသားတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့မှာ TNLAတပ်ဖွဲ့အပြင် တခြား လက်နက်ကိုင်အဖွဲ့တွေကိုလည်း နှစ်တိုင်း ငွေပေးနေကြရတာကြောင့် လူထုအနေနဲ့ ဝန်ပိနေပြီလို့ အမည်မဖော်လိုတဲ့ နမ့်ခမ်းမြို့ခံတစ်ဦး ကပြောပါတယ်။

"ကောက်တာ သုံးလေးဖွဲ့လောက် ရှိတယ်။ သုံးလေးဖွဲ့က နှစ်တိုင်းလိုလို ကောက်တာ။ကောက်တာ ဆိုတော့ ဒီပြည်သူလူထုအတွက် ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးပေါ့နော့်။ ဒီလိုမျိုး အဆမတန် ကောက်တယ်။ အဖွဲ့တိုင်း ကောက်တယ်ဆိုတော့ ကြာလာတော့ ပြည်သူတွေ မခံနိုင်တော့ဘူးပေါ့နော့်။ ဒါ့ကြောင့် ပြည်သူတွေက ဖြစ်နိုင်ရင်တော့ မကောက်တာ ကောင်းတယ်ပေါ့နော့်"

TNLA-2.jpeg
TNLA အဖွဲ့ နမ့်ခမ်းဈေးထဲတွင် အခွန်မကောက်ရန် ဈေးသူဈေးသားများက ဒီဇင်ဘာလ ၁၃ ရက်နေ့ ဈေးမဖွင့်ဘဲ ဆန္ဒထုတ်ဖော်ထားသည့် မြင်ကွင်း။ (Photo: CJ)

နမ့်ခမ်းဈေးထဲမှာ အခွန်ကောက်တာနဲ့ ပတ်သက်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို မေးမြန်းတာမှာတော့ သူတို့တပ်ဖွဲ့ လှုပ်ရှားရာ ဒေသတွေမှာ တစ်နှစ်တစ်ကြိမ် လုပ်ငန်းရှင်တွေကို အခွန်ငွေကောက်ခံလေ့ရှိတယ်လို့ပြောပါတယ်။ နမ့်ခမ်းမှာ ဆိုင်ပိတ် ဆန္ဒပြကြတာကတော့ နောက်ကွယ်ကနေ အဖွဲ့အစည်းတစ်ခုခုက သွေးထိုးလှုံ့ဆော်နေတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

"ဒီဟာက ကျွန်တော်တို့ အရင်ကတည်းကကလည်း အခွန်က တောက်လျှောက်ကောက်လာတယ်။ ကျွန်တော်တို့ ထိန်းချုပ်တဲ့ နယ်မြေဧရိယာ အတွင်းပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေ စီးပွားရေး လုပ်ကိုင်တဲ့သူတွေ အပေါ်မှာ ကောက်ခံတာ ဖြစ်တယ်။ တောက်လျှောက်လည်း ကျွန်တော်တို့က ကောက်နေတယ်။ အဲ့ဒီမှာ လုပ်ငန်းရှင်တွေ အခွန်ပေးရလို့ ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် ကျွန်တော်တို့က ချင့်ချိန်ပြီးမှ နဂိုငတည်းက လျှော့ပေ့ါပြီးမှ ကောက်ခံပြီးသားလည်း ဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်နဲ့ ဒီနှစ်မှာ ကိုဗစ်ရောဂါ ဝင်လာတဲ့အတွက် တချို့လုပ်ငန်းရှင်တွေကို အခွန်ဌာနနဲ့ လာရောက်ညှိနှိုင်းပြီးမှ လျှော့ပေါ့ပြီးမှ ညှိနှိုင်းဆောင်ရွက်သွားတာတွေလည်း ရှိတယ်။ လက်ရှိအဲ့လိုမျိုးလုပ်တာကတော့ အခွန်ကိစ္စ မဟုတ်ဘဲနဲ့ တစ်ဦးဦးက နောက်ကနေ သွေးထိုးလှုံ့ဆော်နေတာ ဖြစ်တယ်လို့ ယူဆလို့ ရတာပေါ့"

နမ့်ခမ်းမြို့မှာ TNLA တပ်ဖွဲ့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSSနဲ့ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့တွေလည်း နယ်မြေစိုးမိုးမှု ယူထားကြပါတယ်။

နမ့်ခမ်းဒေသခံတွေကတော့ ကပ်ဘေးကာလနဲ့ နိုင်ငံရေးအခြေအနေကြောင့် စီးပွားရေး အဆင်မပြေတဲ့အချိန်မှာ လက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ အခွန်ကောက်တာတွေကို ရပ်တန့်ပေးစေချင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။