နှစ်ရက်အတွင်း စစ်ကောင်စီစခန်း ၂၄ ခု TNLA သိမ်းပိုက်
2024.06.26

စစ်ကောင်စီရဲ့ တပ်စခန်း ၂၄ ခုကို ဇွန်လ ၂၅ ရက်နဲ့ ၂၆ ရက် နှစ်ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ချခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ဇွန်လ ၂၆ ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့နယ်တွေက စစ်ကောင်စီရဲ့ စခန်းတွေကို "၁၀၂၇ စစ်ဆင်ရေး" ရဲ့အဆက်အနေနဲ့ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းထားပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။
“လက်ရှိကတော့ ကျွန်မတို့ ထိန်းသိမ်းထားဆဲဖြစ်တယ်ပေါ့နော်၊ နောက်ပိုင်း အစီအစဉ်ကို မသိသေးဘူးပေါ့၊ အဲဒီမြို့နယ်တွေအတွင်းမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်၊ စစ်ကောင်စီကတော့ လက်နက်ကြီးနဲ့ ပစ်ကူတာတွေ၊ လေကြောင်းက တိုက်ခိုက်နေတာတွေရှိပါတယ်”
TNLA ထုတ်ပြန်ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမြို့ပေါ်မှာ ဇွန်လ ၂၆ ရက် နေ့လယ် ၁ နာရီအချိန်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် အရပ်သား ခုနစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။