နောင်ချိုက စစ်ကောင်စီရဲ့ အမြောက်တပ်နှစ်ခုကို သိမ်းလိုက်ကြောင်း TNLA ပြော

RFA Burmese
2024.08.30
နောင်ချိုက စစ်ကောင်စီရဲ့ အမြောက်တပ်နှစ်ခုကို သိမ်းလိုက်ကြောင်း TNLA ပြော နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်စခန်းနှစ်ခုအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် TNLA တပ်ဖွဲ့ဝင်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားစဥ်။
PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာက စစ်ကောင်စီရဲ့ အမြောက်တပ် နှစ်ခုဖြစ်တဲ့ အမတ- ၄၀၆ နဲ့ အမတ-၂၀၆ တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သြဂုတ်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ ၆၆ ရက်မြောက်နေ့မှာ အဲဒီအမြောက်တပ်စခန်းနှစ်ခုကို TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် သြဂုတ်လ ၂၉ နေ့ကလည်း ကျန်ရှိနေသေးတဲ့ အဲဒီတောင်ခမ်းကျေးရွာက စစ်ကောင်စီရဲ့ ၉၀၂ တပ်စခန်း၊ ၃၄၅ တပ်စခန်းအနီးနဲ့ မကျီးရေရွာ ဘုန်းကြီကျောင်းမှာ စစ်ကောင်စီတပ်နဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က Y12 လေယာဥ်နဲ့ Jet Fighter တို့ကို အသုံးပြုပြီး ဗုံးအလုံးရေ ၁၅၀ ခန့် လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့တွေကိုပြန်ရဖို့ အပြင်းအထန် ကြိုးစားနေတာလို့ RFA ကို ပြောပါတယ်။

“သူတို့ (စစ်ကောင်စီ) ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း သိမ်းခံထားရတဲ့မြို့တွေ ပြန်ရအောင်လုပ်မယ် ပြောထားတယ်လေ။ အဲဒါကြောင့် တပ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်နဲ့နီးတဲ့ နောင်ချိုကိုလည်း ပြန်သိမ်းဖို့ ပြန်ရဖို့ သြဂုတ်လ ပထမပတ်ကတည်းက စစ်ကောင်စီက ကြိုးစားနေတာ။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အထိ စစ်ကြောင်းနဲ့ တက်လာကြတာ။ မနေ့က ၂၉ ရက်နေ့ တိုက်ပွဲကလည်း စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ ဖြစ်သွားတာပါ”

နောင်ချိုမြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြစ်တဲ့ ဇူလိုင် ၁၀ ရက်နေ့ကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ PDF ပူးပေါင်းတပ်တွေက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စတဲ့မြို့နယ်တွေကို သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။