နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲပြင်းထန်

RFA Burmese
2024.11.13
နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲပြင်းထန် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားစဉ်။
Telegram/ PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ TNLA က နိုဝင်ဘာ ၁၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ စစ်ကောင်စီတပ် အမြောက်တပ် (၃၅၄) တပ်စခန်းနေရာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာလို့ TNLA က ဆိုပါတယ်။

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ စစ်ကောင်စီက ကြိုးပမ်းလာတဲ့အတွက် နှစ်ဘက်တပ်တွေအကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် နောင်ချိုမြို့ မကျီးရေရွာကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယကာလ ၂၀၂၄ ဇူလိုင်လမှာ နောင်ချိုမြို့ကို TNLA နဲ့ပူးပေါင်းတပ်တွေ သိမ်းယူခဲ့ပြီးနောက် နောင်ချိုနဲ့ မိုင်နှစ်ဆယ် အကွာမှာရှိတဲ့ တောင်ခမ်းရွာက စစ်ကောင်စီရဲ့ အ.မ.တ (၉၀၂) အမြောက်တပ်စခန်းကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတာ လေးလနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကလည်း စစ်အင်အားဖြည့်တင်းပြီး နောင်ချိုမြို့ကို ပြန်ပြီး သိမ်းယူနိုင်အောင် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

နောင်ချိုမြို့က လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။