တိုက်ပွဲပြင်းထန်နေတဲ့ တောင်ခမ်းမှာ နှစ်ဖက်တပ် အင်အားထပ်ဖြည့်

RFA Burmese
2024.12.27
တိုက်ပွဲပြင်းထန်နေတဲ့ တောင်ခမ်းမှာ နှစ်ဖက်တပ် အင်အားထပ်ဖြည့် စစ်ကောင်စီတပ်နှင့် တော်လှန်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေသည့် တောင်ရှည်ရွာကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်းက တွေ့ရစဥ်။
Photo: RFA

စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးကို နှစ်ဖက်စလုံးက အခုရက်ပိုင်းမှာ စစ်အင်အားတွေ ထပ်ဖြည့်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြောပါတယ်။

စစ်ကောင်စီတပ်က အင်တော-ကျောက်ဂူလမ်းကနေ စစ်အင်အားတွေ ထပ်ဖြည့်နေသလို NNLA ပူးပေါင်းတပ်တွေကလည်း နောင်ချိုမြို့ကနေ အင်အားတွေ ထပ်ဖြည့်နေတာလို့ နောင်ချို ဒေသခံတစ်ဦးက ပြောပါတယ်။

“နှစ်ဖက်စလုံးပဲ အင်အား ထပ်ဖြည့်နေတာ။ တိုက်လိုက်၊ ရပ်လိုက်၊ အင်အားဖြည့်လိုက်နဲ့ပဲ။ စစ်တပ်က စခန်းကုန်းတွေသိမ်းရင် နောက်ရက်ဆို တော်လှန်ရေးဘက်က ပြန်သိမ်းလိုက်နဲ့ ဖြစ်နေတာကြာပြီ။ အခုလည်း ပြီးခဲ့တဲ့ရက်က တိုက်တာ အခုနားပြီး အင်အား ထပ်ဖြည့်နေကြပြန်ပြီ”

တိုက်ပွဲအခြေအနေကိုသိရှိသူ နောက်တစ်ဦးကလည်း စစ်ကောင်စီဘက်က တောင်ခမ်းကို လက်မလွှတ်ရရေးအတွက် လေကြောင်းရော မြေပြင်ကပါ အင်အားတွေ ထပ်ဖြည့်နေတယ်လို့ ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှု များတယ်လို့ တောင်ခမ်းတိုက်ပွဲမှာ TNLA ပူးပေါင်းတပ်တွေဘက်ကနေ ပါဝင်တိုက်ခိုက်နေသူတစ်ဦးက ပြောပါတယ်။ သေဆုံးထိခိုက်မှု အရေအတွက်ကိုတော့ သူက ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဓနု-PDF (DPLA) တပ်ဖွဲ့ကလည်း ကျောက်ဂူလမ်းကြောင်းကနေလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ကျောက်ဂူမြို့အနီးတစ်ဝိုက်မှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။

TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ တောင်ခမ်းဘက်က အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း RFA ကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇွန်လမှာ နောင်ချိုမြို့ကို TNLA၊ မန္တလေးတိုင်း PDF၊ ဓနု-PDF ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး မြို့နဲ့ မိုင်နှစ်ဆယ်ကျော်ဝေးတဲ့ တောင်ခမ်းအခြေစိုက် စစ်ကောင်စီ အမြောက်တပ်စခန်းတွေအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ခြောက်လကျော် ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။