သီပေါက စစ်ကောင်စီတပ်စခန်း နှစ်ခု TNLA သိမ်းပိုက်
2023.11.12

ရှမ်းပြည်နယ်၊ သီပေါမြို့က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ဘော်ကြိုတပ်စခန်းနဲ့ ကျင်သီတပ်စခန်းနှစ်ခုကို ဒီကနေ့ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၂ ရက် ဒီကနေ့ မနက်အစောပိုင်း လေးနာရီခွဲလောက်မှာ TNLA စစ်ဒေသ(၂) မှာရှိတဲ့ စစ်ကောင်စီရဲ့ ဘော်ကြိုတပ်စခန်းကို ဝင်တိုက်သိမ်းပိုက်ခဲ့ပြီးနောက် မနက် ငါးနာရီခွဲလောက်မှာ ကျင်သီတံတား တပ်စခန်းကိုပါ ထပ်မံသိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီစခန်းနှစ်ခုဆုံးရှုံးလိုက်ရတာနဲ့ ပတ်သက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူလူထု နေ့စဉ်လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြုနေတဲ့ ကျင်သီတံတားကို TNLA က ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းတွေကနေတစ်ဆင့် စွပ်စွဲပြောဆိုပါတယ်။
TNLA ကတော့ ဒီကနေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်၊ လက်နက်ကြီးနဲ့ အကြိမ်တစ်ရာကျော်အပြင် ရော့ကက် ဒုံးကျည်နဲ့ပဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
TNLA နဲ့ စစ်ကောင်စီတို့ကြား ဒီကနေ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး၊ နောင်ချို၊ သီပေါ၊ လားရှိုး၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မန်တုံ စတဲ့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အဲဒီဒေသရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ခဲ့သလို၊ TNLA ကလည်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီစခန်းသစ်ကုန်းနဲ့၊ မန်တုံမှာရှိတဲ့ ခိုမုန်းစစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။