၂၀၂၅ ခုနှစ်မှာ ပူးတွဲစီမံအုပ်ချုပ်တဲ့ အစိုးရ ပေါ်ပေါက်ရေးကြိုးပမ်းမယ်လို့ TNLA ပြော
2024.08.27

၂၀၂၅ ခုနှစ်မှာ ကြားကာလ တော်လှန်အစိုးရ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အရပ်သားတွေ ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ပူးတွဲစီမံအုပ်ချုပ်သွားမယ့် အစိုးရ ပေါ်ပေါက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။
"၁၀၂၇ စစ်ဆင်ရေး" ဒုတိယအပိုင်းလှုပ်ရှားမှုမှာ TNLA က ထပ်မံသိမ်းပိုက်ရရှိထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကို ဗိုလ်ချုပ်တားဘုန်းကျော် သြဂုတ်လ (၁၅) ရက်ကနေ (၁၈) ရက်နေ့အထိ သွားရောက်တဲ့ခရီးစဉ်အတွင်း လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာလို့ TNLA က ဩဂုတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
TNLA တပ်တွေ သိမ်းပိုက်ထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဖို့နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားလို့လည်း ဗိုလ်ချုပ်တားဘုန်းကျော်က ဖိတ်ခေါ်ထားပါတယ်။
ပြည်သူလူထုတွေရဲ့ အခြေခံဝန်ဆောင်မှုဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး အမြန်ဆုံး ရရှိရေး ဆောင်ရွက်လိုကြောင်းနဲ့ လိုအပ်နေတဲ့ကျွမ်းကျင်ဝန်ထမ်းတွေအတွက် မြို့နယ်အတွင်းမှာရှိတဲ့ CDM ဝန်ထမ်းတွေကို ပူးပေါင်းပါဝင်ဖို့ ပြောကြားခဲ့တာပါ။
ဗိုလ်ချုပ်တားဘုန်းကျော်ဟာ TNLA သိမ်းပိုက်ရရှိထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် အစရှိတဲ့မြို့တွေက အစိုးရဆိုင်ရာဌာနရုံးတွေ၊ အုပ်ချုပ်ရေးရုံးတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
မိုးကုတ်မြို့နယ်မှာရှိတဲ့ တစ်နိုင်တပိုင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းတွေနဲ့ ရိက္ခာတွေ အလွယ်တကူ သယ်ယူနိုင်ရေး ဆောင်ရွက်ပေးမယ်လို့လည်း လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
တအာင်းပြည် ကျန်းမာရေးကောင်စီမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်ဖို့လည်း TNLA က ဖိတ်ခေါ်ထားတာကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၅ ရက်က ပြန်လည်စတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆေးရေး" ဒုတိယပိုင်းမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စတဲ့ မြို့နယ်တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။