တရုတ်ပိုက်လိုင်းစောင့် ရဲကင်း တိုက်ခိုက်ခံရပြီး ရဲသုံးဦးသေဆုံး

နေရိန်ကျော်(ဝါရှင်တန် ဒီစီ)
2021.05.05
နိုင်ငံအနှံ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဆက်ရှိနေသလို၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ရန်ကုန်မြို့က မိုးကောင်းဆေးရုံသစ်ရှေ့နဲ့ နေရာတချို့မှာ ဗုံးပေါက်ကွဲတာတွေ ရှိခဲ့သလို၊ မြို့နယ်တချို့မှာလည်း အုပ်ချုပ်ရေးမှူးတွေ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ တောမရွာအနားက တရုတ်ဂက်စ်ပိုက်လိုင်းစောင့်နေတဲ့ ရဲကင်းက အစောင့်ရဲ တပ်သားတွေကို မေလ ၅ ရက် ဒီကနေ့ မနက် ငါးနာရီကျော်လောက်မှာ အမည်မသိ လူအယောက် ၂၀ လောက်က ဓားနဲ့ တိုက်ခိုက်သွားတဲ့အတွက် ရဲသုံးဦး သေဆုံးတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တောမရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။

“မနက် ၇ နာရီလောက်မှာ သေနတ်ဖောက်သံတွေကြားရတယ်။သိရတာကတော့ ရဲကင်းမှာ ရဲ ငါးယောက် ကျနေတာ။ နှစ်ယောက်ကတော့ ထွက်ပြေးသွားတယ်။ သုံးယောက်ကတော့ သေသွားတယ်။ တစ်ယောက် ဆို ဓားတန်းလန်းနဲ့ ဖြစ်နေတယ်တဲ့။ နောက်စစ်ကောင်စီအဖွဲ့ဝင်တွေ ရွာကိုလာပြီးစစ်တယ်။ အဝင် အထွက်တွေ စစ်တယ်။ နာမည်ကြီးအိမ်တွေ ဝင်စစ်တယ်။ အခုပိုက်လိုင်းနီးကရွာတွေကို လိုက်စစ်နေတယ်”

အဲဒီအချိန်က ရဲဝန်ထမ်း ခြောက်ယောက် ကင်းစခန်းမှာတာဝန်ကျနေပြီး အရာရှိကတော့ နေအိမ်မှာ ပြန်အိပ်နေတာလို့ သိရပါတယ်။

ဒီဖြစ်ရပ်ဟာ တရုတ်ဂက်စ်ပိုက်လိုင်းနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတော့ ဒဂုံတက္ကသိုလ်အနီး၊ ဘုန်းကြီးကျောင်းကွေ့မှတ်တိုင်နားမှာလည်း မေလ ၅ ရက် ဒီနေ့ မနက် အစောပိုင်း ဒဂုံတက္ကသိုလ်ကိုလာတဲ့ YBS 30 ဘတ်စ်ကား ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ထိခိုက်မှုအခြေအနေ သေချာမသိရသေးပေမယ့် ပေါက်ကွဲမှုဖြစ်တာတော့ မှန်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။

မေလ ၅ ရက်နေ့ ဒီနေ့မှာ တက္ကသိုလ်တွေကို ပြန်ဖွင့်ဖို့ စစ်ကောင်စီက အမိန့်ပေးထားပါတယ်။

အလားတူပဲ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် ဘောက်ထော်က တပ်မတော်မှတ်တမ်းရုံးကို ပုဂ္ဂလိကဆေးရုံ အဖြစ် ပြောင်းလဲလိုက်ပြီး၊ ပြီးခဲ့တဲ့တနင်္ဂနွေ မေလ ၂ ရက်နေ့ကမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖဲကြိုးဖြတ်ဖွင့်ပေးခဲ့တဲ့ ဆေးရုံရှေ့မှာ မနေ့ည ၉ နာရီလောက်က ဗုံးနှစ်လုံးပေါက်ခဲ့ပါတယ်။ ဒီပေါက်ကွဲ မှုကြောင့် လူထိခိုက်သေဆုံးတာတော့ မရှိပါဘူး။

စစ်ကိုင်းတိုင်းမှာတော့ ခင်ဦးမြို့နယ် ဝန်ကြီးကျေးရွာမှာနေထိုင်တဲ့ စစ်ကောင်စီသြဇာခံ ကျီးကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညိုပုဟာ မေလ ၄ ရက် မနေ့ညနေပိုင်း အရိုက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

ခင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးတက်ပြီး ရွာကိုအပြန် လမ်းမှာတင်အသတ်ခံရတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးဟာ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ကျီးကန်၊ ပေါက်တုံ၊ ဝန်ကြီး စတဲ့ ရွာသုံးရွာ ပါဝင်တဲ့ ကျီးကန်ကျေးရွာအုပ်စုကို တာဝန်ယူထားတဲ့သူ ဖြစ်ပြီး လက်ရှိ စစ်ကောင်စီ လက်အောက်မှာလည်း ဆက်လက်တာဝန်ယူနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အလားတူပဲ စစ်ကိုင်းတိုင်း၊ တမူးမြို့ ဝိတုတ်ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်မှာ မေလ ၃ ရက်နေ့က လက်လုပ် ဗုံး အပစ်ခံရပြီး အုပ်ချုပ်ရေးမှူးရဲ့ မိခင်၊ သမီးနဲ့မြေးဖြစ်သူတို့ သေဆုံးသွားပါတယ်။

အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ကလေးမြို့က ပုဂ္ဂလိကဆေးရုံမှာ ဆေးကုနေရတယ်လို့ ဒေသံတွေကပြောပါတယ်။

လက်နက်တွေကို စစ်ကောင်စီကိုအပ်ဖို့ ရွာထဲမှာလိုက်သိမ်းနေတုန်း ရွာထဲက တမူးလုံခြုံရေးအဖွဲ့ အပြန် အလှန် ပစ်ခတ်ကြရင်း အခုလို အိမ်ကိုလက်လုပ်ဗုံးပစ်လိုက်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တမူးမြို့ခံ တစ်ယောက်က RFA ကိုပြောပါတယ်။

ဖြစ်ခဲ့တာကတော့ မေလ ၃ ရက်နေ့ကဖြစ်ပြီး ဆက်သွယ်ရေးခက်ခဲနေတဲ့လက်ရှိ အခြေအနေကြောင့် ဒီနေ့မှ သိရတာဖြစ်ပါတယ်။ အဲဒီ တမူးမြို့ ဝိတုတ်ရွာထဲမှာ စစ်တပ်ဘက်ကကား ၄ စီးနဲ့ အင်အား အများအပြား ရောက်ရှိလာပြီး စစ်ဆေးတာ၊ ဖမ်းဆီးတာတွေကြောင့် ဒေသခံတွေထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့မှာ မေလ ၄ ရက် မနေ့ ည ၈ နာရီခွဲမှာ အင်းဝဘဏ်ရှေ့ BOC နားမှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေနဲ့ CDF ချင်းနယ်မြေပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အကြား ပစ်ခတ်မှုတွေ ဖြစ်နေပြီး စစ်သား တစ်ယောက်သေဆုံးခဲ့တယ်လို့ CDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီပစ်ခတ်မှုတွေဖြစ်ပြီးနောက် ဟားခါးမြို့ရှိ အင်းဝဘဏ်နားမှာနေထိုင်တဲ့ ဇနီးမောင်နှံ နှစ်ဦးကိုလည်း စစ်ကောင်စီဘက်က ဖမ်းထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဟားခါးမြို့မှာ CDF အဖွဲ့နဲ့ စစ်တပ်တို့ မေလ၂ ရက်က စပြီးပစ်ခတ်မှုတွေရှိခဲ့ပြီး မေလ ၄ ရက် နေ့ ညအထိ စစ်တပ်ဘက်က ကိုးဦးသေဆုံးပြီး CDF ဘက်က အထိအခိုက်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့ ရှမ်းစုလမ်းမှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်မှာလည်း မေလ ၄ ရက် မနေ့ညကပဲ လက်လုပ်ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘဲ သစ်ပင်ကိုပဲထိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူးမိသားစုဟာ အရင်က အုပ်ချုပ်ရေးရုံးမှာနေတာဖြစ်ပြီး အခု ဗုံးပေါက်ကွဲတဲ့ နေအိမ်ကို ပြောင်းလာတာ မကြာသေးပါဘူးလို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက် က ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး ၁၅ မိနစ်လောက်အကြာမှာပဲ စစ်တပ်ကရောက်လာပြီး ဆိုင်ကယ်တွေကို ရှာဖွေစစ်ဆေး တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းပေမယ့် တယ်လီဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

မေလ ၅ ရက် ဒီနေ့မှာလည်း မြို့နယ်တော်တော်များများမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံ ကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်စစ်ကြောင်းတွေနဲ့ ဆက်လက်ဆန္ဒပြ နေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ၇၆၀ ကျော်နေပြီး၊ အဖမ်းခံထားရတဲ့သူ ၃၆၀၀ ကျော်နဲ့ ဖမ်းဝရမ်းအထုတ် ခံထားရသူ ၁၄၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။