သထုံမှာ ဘုရားပွဲထဲ လက်နက်ကြီး ပစ်ခတ်လို့ အရပ်သားသုံးဦးသေ၊ ရှစ်ဦး ဒဏ်ရာရ

2022.03.21
သထုံမှာ ဘုရားပွဲထဲ လက်နက်ကြီး ပစ်ခတ်လို့ အရပ်သားသုံးဦးသေ၊ ရှစ်ဦး ဒဏ်ရာရ ၂၀၂၂ ခုနှစ် မတ်လ ၁၉ ရက်နေ့ညတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ထားသည့် ကားတစ်စီကို တွေ့ရစဥ်
Photo: Citizen Journalist

မွန်ပြည်နယ် သထုံမြို့နယ် ကျောက်တောင်ရွာမှာ ကျင်းပနေတဲ့ဘုရားပွဲကို မတ်လ ၁၉ ရက်နေ့ ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ဘုရားပွဲလာတဲ့ ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း သုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မတ်လ ၁၉ ရက်နေ့ ညပိုင်း ဘုရားပွဲကျင်းပနေတဲ့ အချိန်မှာ စစ်ကောင်စီတပ်က လက်နက် ကြီးနဲ့ ပစ်ခတ်တာ ကြောင့် ပြည်သူတွေ ထိမှန်သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ သထုံဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးနဲ့ပစ်တာ ပထမနှစ်လုံးက ပွဲခင်းဘေးကိုကျတယ်။ ကျတဲ့အချိန်မှာ ဘုရားပွဲထဲကလူတွေက ထပြေးကြတယ်။ ထပြေးကြတဲ့ဟာကိုမှ နောက်ထပ်တစ်လုံး ထပ်ပစ်တဲ့အချိန်မှာ ဒေသခံတွေပြေးတဲ့ လမ်းကြောင်းပေါ်ကိုကျတာ။ ဘုရားပွဲဘေးက လမ်းပေါ့၊ အဲဒီလမ်းပေါ်တည့်တည့်ကျတော့ သုံးယောက် သေသွားတယ်”

သေဆုံးတဲ့သူတွေဟာ ကျောက်တောင်ရွာက အသက် ခုနစ်နှစ်အရွယ် စောအဲဖို့စာ၊ အသက် ၅၀ အရွယ် ဒေါ်ဒေ့သို နဲ့ ပိန္ဒဲတောရွာက အသက် ၅၄ နှစ်အရွယ် ဒေါ်ငွေကြည်တို့ ဖြစ်တယ် လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာတာ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ညနေပိုင်းက ဖုန်းနဲ့ ဆက်သွယ်နေပေမယ့် အကြောင်းမပြန်သေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ စစ်ကောင်စီ ခမရ အမှတ်(၉) စခန်း (ဝီယော်) ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ မနေ့က သတင်းထုတ်ပြန် ထားပါတယ်။

ကျောက်တောင်ကျေးရွာ ဘုရားပွဲဟာ တစ်နှစ်တစ်ကြိမ် အစဉ်အလာမပျက် ကျင်းပတဲ့ပွဲ ဖြစ်ပြီး အခုနှစ်အတွက် မတ်လ ၁၈ ရက်ကနေ ၁၉ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။