ရန်ကုန်သြင်္ကန်လုံခြုံရေးအတွက် အင်အား ၈ ထောင် ကျော် အသုံးပြုသွားမည်
2017.03.29

ရန်ကုန်သြင်္ကန်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၅ထောင်ကျော်နဲ့ လူမှုရေး အဖွဲ့အစည်းတွေအပါအဝင် အင်အား ၈ ထောင်ကျော် အသုံးပြုသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်းအစိုးရဖွဲ့ရုံးမှာ ကျင်းပတဲ့ ရန်ကုန်သြင်္ကန်လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ဗိုလ်မှူးကြီး တင်အောင်ထွန်း က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီနှစ်ရန်ကုန်သြင်္ကန်မှာ မဏ္ဍပ်အကြီး ၂၂ ခု အပါအဝင် မဏ္ဍပ်စုစုပေါင်း ၆၀ လောက်ရှိတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က ပြောပါတယ်။
သြင်္ကန်မဏ္ဍပ်အကြီးတစ်ခုစီမှာ ရဲအရာရှိ ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၈ ဦးက လုံခြုံရေး တာဝန်ယူပေးထားမှာဖြစ်ပြီး လူစည်ကားရာနေရာတွေမှာလည်း လုံခြုံရေးတွေ ထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုကိုးကျွန်းမြို့နယ် တရားရုံးကလွဲပြီး ကျန်မြို့နယ်တွေက တရားရုံးတွေကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။