မန္တလေး သြင်္ကန် အကြိုနေ့ ဆေးရုံရောက်သူ တစ်ရာကျော်ရှိ
2017.04.14

မန္တလေးမြို့မှာ သြင်္ကန်အကြိုနေ့တစ်ရက်အတွင်း ယာဉ်မတော်မဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ၁၁၆ ဦး ဆေးရုံကိုရောက်ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာန က ပြောပါတယ်။
အဲဒီသူတွေထဲမှာ ကျိုးပဲ့ဒဏ်ရာနဲ့ ပွန်းပဲ့ ဒဏ်ရာ ရရှိသူတွေ များတယ်လို့ မန္တလေးဆေးရုံကြီး အရေးပေါ် လူနာလက်ခံကုသဆောင်မှာ အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ မဏီစလ လူမှုကူညီရေးအဖွဲ့ က ဦးနေမင်းထွန်း က ပြောပါတယ်။
"အဓိကတော့ တိုက်မှုခိုက်မှုတွေပဲများပါတယ်၊ ယာဉ်အက်ဆီးဒင့်ဖြစ်တာတွေပဲ များတယ်ပေါ့နော်၊ အရင်နှစ်ကလိုတော့ ဆိုးဆိုးဝါးဝါးကြီးတော့ မရှိသေးပါဘူးခင်ဗျ၊ ကျိုးရုံပဲ့ရုံ အလွန်ဆုံး အဲဒီလောက်ပဲရှိပါတယ်"
မနေ့က သြင်္ကန်အကြိုနေ့မှာ မန္တလေးမြို့ ဆေးရုံကြီးကို ရောက်ရှိလာတဲ့ အတွင်းလူနာ ၅၀ ကျော်နဲ့ ပြင်ပလူနာ ၆၀ ကျော် ရောက်ရှိပြီး ၂၂ ဦးကို အရိုးကျောဆေးရုံမှာ လွှဲပြောင်းကုသထားတယ်လို့ သိရပါတယ်။
ဆေးရုံရောက်ရှိလာသူတွေထဲက ထက်ဝက်ကျော်ဟာ အရက်သေစာနဲ့ မူးယစ်ဆေးဝါးကို သုံးစွဲထားသူတွေဖြစ် တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
သြင်္ကန်အတွင်း ခိုက်ရန်ဖြစ်ပွားမှုနဲ့ ထိခိုက်ဒဏ်ရာရရှိသူအများစုဟာ ညနေ ၅ နာရီကနေ ၁၀ နာရီအတွင်းမှာ အများဆုံး ဖြစ်ပွားလေ့ရှိတယ်လို့ ဆေးရုံမှတ်တမ်းအရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် မန္တလေးသြင်္ကန်မှာ ထိခိုက်ဒဏ်ရာရရှိသူ ၈၀၀ ဦးခန့်ရှိခဲ့ပြီး ၂၀ ဦး သေဆုံးခဲ့တယ်လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး မှတ်တမ်းတွေအရ သိရပါတယ်။