သြင်္ကန်ကာလအတွင်း သေဆုံးသူ ၂၈၅ ဦးရှိ


2017.04.18
mdy-hospital-emergency-620.jpg မန္တလေးဆေးရုံကြီး အရေးပေါ်လူနာလက်ခံကုသဆောင်ကို ရောက်လာတဲ့ လူနာတင်ယာဉ်တစ်စီးကို ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: Hset Paing Toe/RFA

ဒီနှစ် သြင်္ကန်ကာလအတွင်း တစ်နိုင်ငံလုံးမှာ ပြစ်မှုပေါင်း ၁၂၀၀ ဖြစ်ပွားပြီး သေဆုံးသူ  ၂၈၅ ဦး ၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၇၃ ဦး ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက မနေ့က  သတင်းထုတ်ပြန်ထားပါတယ်။

သြင်္ကန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ  ပြစ်မှုပေါင်း ၂၃၃ မှု  နဲ့ အမှု အများဆုံးဖြစ်ပွားခဲ့တာဖြစ် ပြီး သေဆုံးသူ ၄၄ ဦးရှိခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး မှာ အမှုပေါင်း ၁၆၀ ဖြစ်ပွားခဲ့ပြီး ၃၆ ဦးသေဆုံးခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးကို သြင်္ကန်ကာလအတွင်း ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူ လူနာ ၈၁၃ ဦးရှိခဲ့ပြီး၊ သေဆုံးပြီး ရောက်ရှိလာသူ ၁၇ ဦးရှိတယ်လို့ ဆေးရုံကြီးရဲ့ ဆေးလူမှုဆက်ဆံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင် က ပြောပါတယ်။

"သြင်္ကန်အကြိုနေ့ကနေ အတက်နေ့အထိ လေးရက်အတွင်း ဆေးရုံကြီးကို စုစုပေါင်းလူနာ ၈၁၃ယောက် ရောက်တယ်။ ၅၀ ရာခိုင်နှုန်းလောက်ကတော့ ယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ ယာဉ်ပေါ်က ပြုတ်ကျတာ၊ တိုက်တာမျိုးတို့၊ မော်တော်ယာဉ်နဲ့ ပတ်သက်ပြီးတော့ ထိခိုက်တဲ့လူနာက ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်၊ ကျန်တဲ့ဟာကတော့ အရင်နှစ်တွေရော၊ ဒီနှစ်ရော ရန်ဖြစ်တာ တစ်ခုခုဖြစ်တာ အဲ့ဒါက ၂၅ ရာခိုင်နှုန်းလောက်ရှိတယ်၊ ကျန်တဲ့ဟာကတော့ တခြားကြောင့်ဖြစ်တာ ဥပမာ ရေနစ်တာ အမူးလွန်တာ အဲဒါမျိုးတွေ ရောက်တာပါ"

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနနဲ့ ပြင်ပလူနာအထူးကုဌာနကိုတော့ ထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိတဲ့ လူနာ ၇၅၂ ဦး ရှိခဲ့ပြီး၊  သေဆုံးလူနာ ၁၀ ဦးရှိခဲ့ပါတယ်။ အဲဒီထဲက လူနာ ၃၀၀ နီးပါးက ယာဉ်မတော်တဆမှုကြောင့် ဖြစ် တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် သြင်္ကန်ကာလမှာ ပြစ်မှုပေါင်း ၉၆၇ မှု၊ သေဆုံးသူ ၂၇၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၀၈၆ ဦးရှိခဲ့တဲ့ အတွက် အရင်နှစ်သြင်္ကန်ကာလနဲ့ နှိုင်းယှဉ်ရင် ဒီနှစ် သြင်္ကန်ကာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့  ပြစ် မှုပေါင်း ၂၃၃ မှု  ပိုများပြီး သေဆုံးတဲ့ အရေအတွက် ၁၃ ဦး ပိုများခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။