အတိုင်ပင်ခံနဲ့ ဦးစီးချုပ် တို့ နှစ်သစ်ဆုတောင်း စကား ပြောဆို


2017.04.17
dassk-thingyan-620.jpg နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မဟာသြင်္ကန်အတက်နေ့ညနေပိုင်းက နေပြည်တော် မြနန်းဘုံသာ လမ်းထိပ်မှာရှိတဲ့ တိုက်ချီတို ရေကစားမဏ္ဍပ်မှာ တွေ့ရစဉ်
Photo:Win Ko Ko Latt/RFA

မြန်မာ့နှစ်သစ်ကူးမှာ ပျော်ရွှင်ချမ်းမြေ့ပြီး ကောင်းကျိုးလိုရာဆန္ဒတွေ ပြည့်ဝပါစေကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။

မဟာသြင်္ကန်အတက်နေ့ညနေပိုင်းက နေပြည်တော် မြနန်းဘုံသာ လမ်းထိပ်မှာရှိတဲ့ တိုက်ချီတို ရေကစား မဏ္ဍပ်ကိလာရောက်စဉ် နှစ်သစ်ကူးဆုတောင်းစကား ပြောကြားခဲ့တာဖြစ်ပါတယ်။

"နှလုံးစိတ်ဝမ်း အေးချမ်းပါစေ၊ ကောင်းကျိုးလိုရာဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေ ဆုတောင်းပါတယ်"

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြင်ဦးလွင်တပ်နယ်မှာရှိတဲ့ သင်တန်းကျောင်းတွေ၊ တပ်ရင်း၊ တပ်ဖွဲ့မိသားစုတွေရဲ့ ရေသဘင်မဏ္ဍပ်တွေကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သတင်းမီဒီယာတွေကို နှစ်သစ်ကူး စကားပြောကြားခဲ့ပါတယ်။

"နိုင်ငံသူ နိုင်ငံသားအားလုံး နှစ်သစ်မှာ စိတ်သစ်ခွန်အားနဲ့ကျော်လွှားနိုင်ဖို့အတွက် အခွင့်အရေးရဖို့ လည်း လိုတယ်၊ အခွင့်အရေးရအောင်လည်း ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်၊ အဲဒီတော့ ဒီလိုရတဲ့အခွင့် အရေးပေါ်မူတည်ပြီးတော့မှ နိုင်ငံသူ နိုင်ငံသားအားလုံးကနေ နောင်လာမယ့် ၁၃၇၉ ခုနှစ်မှာ လည်း ကျော်လွှားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်၊ နောက်တစ်ခုကလည်း ငြိမ်းချမ်းရေးပေါ့၊ ငြိမ်းချမ်းရေး အရေးကြီးပါတယ်၊ တိုင်းပြည်ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်မှာဖြစ် ပါတယ်၊ ဒါကြောင့် အဲဒီခုနကပြောတဲ့ ခွန်အားတွေနဲ့အတူ ငြိမ်းချမ်းရေးကိုလည်း ရအောင်ကြိုးစား သွားကြဖို့ကိုလည်း ဆုမွန်ကောင်းတောင်းပါတယ်"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးတို့က တပ်မတော်နည်းပညာတက္ကသိုလ် ရေသဘင်မဏ္ဍပ်မှာ နှစ်သစ်ကူး ဆုမွန် စကားပြောကြားခဲ့တာဖြစ်ကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။