သြင်္ကန် ၃ ရက်အတွင်း အရေးပေါ် လူနာ ၅၈၉ ဦး ရောက်ရှိလာ
2017.04.16

မဟာသြင်္ကန် အကြို၊ အကျ၊ အကြတ် ၃ ရက်အတွင်း ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်လူနာပေါင်း ၅၈၉ ဦး ရောက်ရှိခဲ့ပြီး သေဆုံးသူ ၅ ဦးရှိတယ်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတာဝန်ခံက ပြောပါတယ်။
ယာဉ်မတော်တဆနဲ့ ထိခိုက်ဒဏ်ရာရလူနာတွေဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီးက လ/ထ ညွှန်ကြားရေးမှူး အရေးပေါ်ဌာနတာဝန်ခံ ဒေါက်တာခင်သိင်္ဂီမြင့် က ပြောပါတယ်။
"အကြို၊ အကျ၊ အကြတ်နေ့တွေမှာ ထိခိုက်ဒဏ်ရာနဲ့ ရောက်လာတဲ့လူနာပေါင်း ၅၈၉ ယောက်ပါ၊ ကားအက်ဆီးဒင့်ရယ်၊ အချင်းချင်းရန်ဖြစ်လို့ ရောက်လာတဲ့လူနာတွေပေါ့၊ ကားပေါ်က ပြုတ်ကျတာတို့၊ အလုပ်နဲ့ ပတ်သက်ပြီးဖြစ်တဲ့ လူနာတွေပေါ့"
သြင်္ကန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနမှာ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေကိုယ်တိုင် ကုသပေးနေကြရာ စုစုပေါင်း ဝန်ထမ်းဦးရေ ၁၃ဝ နဲ့ ကုသပေးနေတယ်လို့လည်း ပြောပါတယ်။
ဒီနှစ် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရ လူနာဦးရေဟာ မနှစ်ကထက် ပိုများတယ်လို့လည်း ဆိုပါတယ်။
သြင်္ကန်ကာလအတွင်း ကချင်ပြည်နယ်မှာ ရေနစ်သေဆုံးသူ တစ်ဦးရှိခဲ့ပြီး ယာဉ်မတော်တဆမှုတချို့ ဖြစ်ပွားခဲ့တယ် လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောပါတယ်။
သြင်္ကန်အကြတ်နေ့ မနေ့က အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ဦး ဧရာဝတီမြစ်ဆုံမှာ ရေဆင်းကူးရာ ကနေ ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။