မန္တလေး မြို့တော်ဝန်မဏ္ဍပ်မှာ ဗကသ သံချပ်အဖွဲ့ သံချပ်ထိုးခွင့်မရ
2017.04.14

ဗကသကျောင်းသားအဖွဲ့ဝင်တွေ စုပြီး ဖွဲ့စည်းထားတဲ့ ဟိုထိုးဒီထိုးရွှေလက်ညှိုးသံချပ်အဖွဲ့ကို သြင်္ကန်အကြိုနေ့က မန္တလေးဗဟိုမဏ္ဍပ်ဖွင့်ပွဲမှာ လာရောက်ဖို့ ဖျော်ဖြေဖို့ဖိတ်ကြားထားပေမယ့် သံချပ်ထိုးခွင့်မရတဲ့အတွက် ပြန်လာခဲ့ ရတယ်လို့ ပြောပါတယ်။
သံချပ်ထိုးရမယ့်အလှည့်ကျရောက်တဲ့ ၈ နာရီခွဲအချိန်မှာ အခြားအဆိုတော်တွေကို ဖျော်ဖြေခိုင်းခဲ့ပြီး ၁၁ နာရီထိုးတဲ့ အချိန်အထိ ဘာမှလာရောက်ပြောဆိုတာခြင်းမရှိသလို သွားရောက်မေးမြန်းတာကိုသေချာစွာ ပြန်လည်ဖြေကြား တာမရှိတဲ့အတွက် သံချပ်မထိုးတော့ဘဲ ပြန်လာခဲ့ရတယ်လို့ ဟိုထိုးဒီထိုးရွှေလက်ညှိးသံချပ် အဖွဲ့ဝင် ဗကသကျောင်းသား ကိုရဲမျိုးဆွေ က ပြောပါတယ်။
"ကျနော်တို့ကို ၇ နာရီဖိတ်ပြီးတော့ ၁၁ ထိုးတဲ့အထိ ဖျော်ဖြေခွင့်မရတဲ့အတွက် ပြန်လာတာပါ။ ကျနော်တို့ ဖျော်ဖြေရမယ့်အချိန်မှာ အဆိုတော်တွေဝင်လာတာပေါ့။ ကျနော်တို့ကို လာပြောတဲ့ သူလည်းမရှိဘူး သွားမေးတော့လည်း ဖြေမယ့်သူ တာဝန်ခံမယ့်သူက မရှိဘူးဖြစ်နေတာ"
မန္တလေး ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို လာရော်ဖျော်ဖြေတဲ့ သံချပ်အဖွဲ့ ၅ ဖွဲ့မှာ ၃ ဖွဲ့သာ သံချပ်ထိုးခဲ့ရတယ်လို့ ပြောပါတယ်။
အထက်ဗမာပြည် ဗကသကျောင်းသားတွေနဲ့ ဧရာဝတီတိုင်းက ဗကသကျောင်းသားတွေ စုပေါင်းပြီး ဟိုထိုးဒီထိုး ရွှေလက်ညှိုးသံချပ်အဖွဲ့ကို ဒီနှစ်မှ ပထမဆုံးအကြိမ် စထွက်ခဲ့တာဖြစ်ပါတယ်။
သံချပ်စာသားတွေမှာ အစိုးရရဲ့ အားနည်းချက်တွေ၊ ကုန်ဈေးနှုန်းကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ကာလုံကိစ္စတွေ ကို ရေးသားထားတာဖြစ်တယ်လို့ ပြောပါတယ်။
ဒီကနေ့ သြင်္ကန်အကျနေ့ ညနေပိုင်းမှာတော့ ဟိုထိုးဒီထိုး ရွှေလက်ညှိုးအဖွဲ့ကို မန္တလေးမြို့တော်ဝန်မဏ္ဍပ်က သံချပ် လာရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားပြီး သံချပ်အဖွဲ့ကလည်း သွားရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။